စစ်တွေထောင်ပြသနာမှာ နဂါးလေးအမှုမှ နဂါးကြီးဖြစ်သွားခြင်းသာဖြစ်သည်ဟုထောင်အရာရှိဆို

စစ်တွေထောင်ပြသနာမှာ နဂါးလေးအမှုမှ နဂါးကြီးဖြစ်သွားခြင်းသာဖြစ်သည်ဟုထောင်အရာရှိဆို

ရခိုင်ပြည်နယ် စစ်တွေမြို့ထောင်တွင် ဖြစ်ပွားခဲ့သည့် ပြသနာမှာ နဂါးလေးမှ နဂါးကြီး ဖြစ်သွားသည့် သဘောသာဖြစ်ကြောင်း ထောင်အရာရှိ တစ်ဦးမှ နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ဘာမှ ကြီးကြီးကျယ်ကျယ် ဖြစ်တာမဟုတ်ပါဘူး။ နဂါးလေး အမှုကနေ နဂါးကြီး ဖြစ်သွားတဲ့ သဘောပါ။ အခု အခြေအနေတွေ ပုံမှန်ဖြစ်သွားပြီး။ အေးအေးဆေးဆေးပါဘဲ။ ဘာပြသနာမှ မရှိပါဘူး” ဟု စစ်တွေထောင် တယ်လီဖုန်း နံပတ်မှ တစ်ဆင့် နိရဥ္စရာ သတင်းဌာနက ဆက်သွယ်မေးမြန်းစဉ် ထောင်အရာရှိ တစ်ဦးက ထိုသို့ ပြောကြားသည်။

သို့သော်လည်း စစ်တွေထောင်တွင် အောက်တိုဘာလ ၆ ရက်နေ့က နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ထောင်အတွင်း ပြသနာ တစ်ချို့ ဖြစ်ပွားခဲ့၍ ထောင်မှူးတွင် မျက်လုံး ဒဏ်ရာရရှိခဲ့ပြီး နောက်ထောင်ဝန်ထမ်းတစ်ဦးတွင် နဖူးပွန်းပဲ့ ဒဏ်ရာ တစ်ချက်၊ လည်ပင်း နားရွက်အထက်တွင် နောက်ထပ် ပွန်းပဲ့ ဒဏ်ရာ ရရှိခဲ့သည်ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်စိုးက ပြောသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သံသယဖြင့် အကျဉ်း တစ်ဦးအား ထောင်ဝန်ထမ်းများက သွားရောက်ခေါ်ဆောင်ရာ မလိုက်နိုင်ကြောင်း ငြင်းဆန်သဖြင့် ထိန်းသိမ်းစဉ် ထောင်ဝန်ထမ်းများအား အကျဉ်းသား တစ်ချို့က ၀ိုင်းဝန်း ရိုက်ပုတ်သဖြင့် ထောင်ဝန်ထမ်းများ ဒဏ်ရာရသွားရာမှ စတင်ပြီး ဆူပူမှု ဖြစ်ပွားခဲ့သည်ဟု သူက ဆိုသည်။

စစ်တွေထောင်တွင် ၎င်းပြသနာ ဖြစ်ပွားပြီးနောက် ထောင်သားများက အချက် (၆) ချက်ကို တောင်းဆိုခဲ့သည်ဟု သိရသည်။

၎င်းတောင်းဆိုချက်များမှာ (၁) အကြောင်းမရှိ အကြောင်းပြပြီး တိုက်ပိတ်ခြင်းကို မပြုလုပ်ရန်၊ (၂) လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုရှိနေ၍ တန်းတူအခွင့်အရေး ရရှိရန်၊ (၃) ထောင်ပိတ်ချိန်တွင် ခေါ်ယူစစ်ဆေး ရိုက်နှက်မှု မပြုလုပ်ရန်၊ (၄) တရားရုံး ဓမ္မာရုံ အမြဲတမ်းဖွင့်လှစ်ပေးရန်၊ (၅) ထောင်ဝန်ထမ်းများမှ အကျဉ်းသားများကို ခွဲခြားဆက်ဆံမှု မပြုလုပ်ရန်နှင့် (၆) ဖမ်းဆီး တိုက်ပစ်ခံထားသူ အကျဉ်းသား တစ်ဦးအား တွေ့ဆုံခွင့်ရရန် တို့ ဖြစ်ကြသည်ဟု သိရသည်။

ထိုတောင်းဆိုချက်များနှင့် ပတ်သက်ပြီး အောက်တိုဘာ ၇ ရက်နေ့က အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ထောင်ပိုင်တို့နှင့် အကျဉ်းသား ကိုယ်စားလှယ် (၆) ဦးတို့မှ တွေ့ဆုံဆွေးနွေးပြီးနောက် ပြေလည်မှု ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်တွေထောင် ဆူပူမှု ဖြစ်စဉ်ကြောင့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုး ရခိုင်ပြည်နယ် သို့ ရောက်ရှိနေပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ဘူးသီးတောင် အကျဉ်းထောင်ကိုလည်း သွားရောက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...
April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...
April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...