စစ်တွေတွင် စရဖတစ်ဦးလုပ်ကြံခံရမှု သံသယရှိသူ ၅ ဦးအား ဖမ်းဆီး

စစ်တွေတွင် စရဖတစ်ဦးလုပ်ကြံခံရမှု သံသယရှိသူ ၅ ဦးအား ဖမ်းဆီး
by -
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စရဖတပ်ကြပ်တစ်ဦးလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသူ ၅ ဦးအား ရဲက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။
 

အဆိုပါအမှုနှင့်ပတ်သက်ပြီး သံသယရှိသည့် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်မှ ဒေသခံ ၅ ဦးအား စက်တင်ဘာ ၃၀ ရက်နေ့ ည ၇ နာရီခန့်တွင် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

"မနေ့က ညနေဘက် ကျမယောက်ျားဟာ သားလေးခေါ်ပြီး အပေါင်းအသင်းတွေနဲ့ ထမင်းချက်စားဖို့ သွားတာပါ။ ဆောင်းဘောက်သေးသေးလေးတွေနဲ့ ထမင်းချက်စားနေတုန်းမှာ ရဲကဖမ်းသွားတယ်လို့ ကျမသားလေးက စက်ဘီးလေးနဲ့ပြန်လာပြောမှ သိရပါတယ်။ ကျမ ယောက်ျားဟာ နိုင်ငံရေးလည်းမလုပ်ဘဲ ကုန်ရောင်းကုန်ဝယ်လုပ်စားနေတာပါရှင်"ဟု ဖမ်းဆီးခံထားရသူတစ်ဦး၏ အမျိုးသမီးက နိရဥ္စရာသို့ပြောသည်။

သံသယရှိသူများအား စစ်တွေအမှတ်(၁)ရဲစခန်းနှင့် အမှတ်(၂)ရဲစခန်းတို့မှ တာဝန်ရှိသူများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် သူတို့အား အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင် ထားကြောင်း အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"ဒီမှာချုပ်ထားတာမှန်ပေမယ့် ဒါ အမှတ်(၂)စခန်းအပိုင်က လူတွေဆိုတော့ သူတို့ကိုပဲ အသေးစိတ် သွားမေးပါ"ဟု နိရဥ္စရာသတင်းဌာနကသွားရောက်မေးမြန်းစဉ် အထက်ပါ တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးခံထားရသူများ၏ အမည်များနှင့် အသေးစိတ်ကိုသိနိုင်ရန် အမှတ်(၂)ရဲစခန်းကို ဆက်သွယ်သော်လည်း အဆက်အသွယ်မရသေးပါ။

ဖမ်းဆီးခံထားရသူများအား မိသားစုဝင်များက အမှတ်(၁)စခန်းသို့ ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံသော်လည်း တွေ့ခွင့်မရခဲ့ဟု သွားရောက်တွေ့ဆုံခဲ့သူတစ်ဦးက နိရဥ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာ ၂၅ ရက် ည ၉ နာရီ အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ အမှတ် (၁) စရဖ ရန်ကုန်မှ တပ်ကြပ်အဆင့်ရှိ ကိုဖိုးလုံး(ခ) ဘဦး ဖြစ်ကြောင်း သိရသည်။ မိသားစုနှင့် ဝင်္ကာကွင်း စျေးပွဲတော်မှ အပြန် ဆိုင်ကယ်ကို သွားယူစဉ် သေနတ်ဖြင့် အပစ်ခံရကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...