ထောင် (၈) လ ကျခံပြီးနောက် လွတ်မြောက်လာသည့် မြောက်ဦးမှ လူငယ် ၈ ဦးကို မြောက်ဦးမြို့နယ် တရားရုံးတွင် စက်တင်ဘာ ၂၅ ရက်နေ့က နိုင်ငံတော်အလံအက်ဥပဒေပုဒ်မ ၁၆ နှင့် ထပ်မံတရားစွဲပြီး ရမန်ယူခဲ့သည်ဟု သိရသည်။
“ သူတို့ကို မနေ့ (စက်တင်ဘာ ၂၅) မနက်က မြောက်ဦးတရားရုံးမှာ ဒီနိုင်ငံတော်အလံအက်ဥပဒေပုဒ်မ ၁၆ နဲ့ ရမန်ယူပါတယ်။အောက်တိုဘာလ ၉ ရက်နေ့ကို ထပ်ပြီး ရုံးချိန်း ချိန်းဆိုလိုက်ပါတယ်” ဟု သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူလည်းဖြစ် ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူးလည်း ဖြစ်သည့် ဦးထွန်းအောင်ကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဘယ်သူကတရားစွဲတာပါလဲဟု ဆက်လက် မေးမြန်းရာ ဦးထွန်းအောင်ကျော်က “ သူတို့ကို ပုဒ်၆(၁) နဲ့တရားစွဲခဲ့တဲ့ အမှုထိန်းအရာရှိ တရားလို ဒုရဲမှူးသိန်းနိုင်အေးပဲ ထပ်ဆင့်ပြီးတော့ တရားစွဲဆိုတာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထောင်ထဲတွင် ရှစ်လ ကျခံပြီး လွတ်မြောက်လာပြီးမှ ထပ်ဖမ်းခံရသူများမှာ ကျော်ဝင်းနိုင်၊ ကျော်မင်းစိုး၊ ဦးသန်းဇော်၊ အောင်ကျော်မြင့်၊ ရွှေမောင်၊ အောင်ဌေး၊ ထွန်းကျော်စိန်နှင့် ကျော်ကျော်နိုင်တို့ဖြစ်ကြသည်။
မြောက်ဦး လူငယ် ၈ ဦးကို ထပ်မံ ဖမ်းဆီး တရားစွဲခြင်းနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) ၏ သဘောထားကို မေးမြန်းရာ သူက ယခုလို ပြောသည်။
“ ဟုတ်ကဲ့ခင်ဗျ၊ ဒီမြောက်ဦးဖြစ်စဉ်မှာ စစ်ကြောခံရတဲ့ လူငယ်ရှစ်ဦး၊ ဒီသေနတ် ဒဏ်ရာရတဲ့ လူငယ်ရှစ်ဦးကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ပုဒ်မ ၆(၁)နဲ့တရားစွဲဆိုတယ်။ ရုံးတော်ကနေ ဒီ၆(၁)နဲ့ စစ်ဆေးတဲ့အခါ တရားလိုပြသက်သေတွေကနေ ဒီစစ်ကြောခံရတဲ့ကလေးတွေ လုံးဝ ဘယ်သူကနေ ဘယ်လိုကျူးလွန်ပါတယ်ဆိုတာ အတိအလင်း သက်သေ ထွက်ချက်တွေ လုံးဝ မရှိတဲ့အတွက် ရုံးတော်ကလည်း ဒီပုဒ်မပြောင်းပြီးတော့ ချက်ချင်းတင်ပါတယ်။ ရာဇသတ် ပုဒ်မ၁၄၅ ဥပဒေ ပြင်ပအဖွဲ့အစည်းတွေမှာ ပါဝင်မှုနဲ့ပေါ့။ အဲဒီတော ဒီကလေးတွေကလည်း အရမ်း လွတ်ချင်နေပြီ။ သူတို့က အကျဉ်းအကျပ်ထောင်ထဲမှာနေရတာ ၈ လကျော်နေပြီ။ အဲ့ဒါကြောင့် သူတို့ကနေ ဒီပုဒ်မ အရဝန်ခံလိုက်လို့ရှိရင် အဲ့ဒီနေ့မှာ ပြစ်ဒဏ်ကျခံပြီးတော့ လွတ်နိုင်တဲ့ အခြေအနေရှိတဲ့ အတွက် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၁၄၅ နဲ့အပြစ်ရှိ/ မရှိမေးတဲ့အခါ ဒီကလေး တွေက အပြစ် ရှိပါတယ်လို့ ဝန်ခံလိုက်တယ်။တရားရုံးတော်ကလည်း အရင်လည်း ပြစ်မှု ကျူးလွန်ထားတာတွေ မရှိဘူး။ ဒဏ်ရာကလည်းပြင်းပြင်းထန်ထန်ရထားတဲ့အတွက် ဆေးကုသရမယ့်အခြေအနေတွေရှိနေတယ်။ နောက်တစ်ယောက်ကလည်း ကျောင်းသားလေးတွေ ပါတယ်။နောက်တစ်ယောက်က ဒဏ်ရာ ပြင်းပြင်းထန်ထန်နဲ့ ကျည်တောင်မှ ခန္ဓာကိုယ်ထဲကနေ ခွဲမထုတ်နိုင်သေးတဲ့ အခြေအနေ အဘက်ဘက်ကို ထောက်ဆပြီး သူတို့က သက်ညှာတဲ့အနေနဲ့ ပြစ်ဒဏ် ၈ လစီရင်လိုက်တဲ့အခါ ဒီကလေးတွေက ၈ လကျော်နေပြီ ဖြစ်တဲ့အတွက် ပြစ်ဒဏ်ကျခံ ပြီးလွတ်သွားပါတယ်။ အဲ့လို လွတ်သွားပြီးတော့မှ ဒီထပ်ပြီးတော့ နိုင်ငံတော်အလံအက်ဥပဒေပုဒ်မ နဲ့ထပ်ပြီးတော့ စွဲဆိုပြီးတော့ အခု ရမန်ယူတဲ့ကိစ္စဟာ ကျွန်တော်တို့ရခိုင်အမျိုးသားပါတီအနေနဲ့၊ ဒါဥပဒေကြောင်း အရ သော်လည်းကောင်း၊ လူမှုရေး အရသော်လည်းကောင်း လုံးဝ မကိုက်ညီဘူးလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကလေးတွေက ၈ လတိတိ ရုံးတော်မှာရုံးတက်ပြီးတော့ အမှုရင်ဆိုင် ကြရတယ်။ အကျဉ်းထဲမှာ ၈ လတိတိခံနေခဲ့ရတယ်။အဲ့ဒီအချိန်မှာ ကြိုက်သလောက် စွဲပါ။ ကြိုက်သလို ပုဒ်မလေးခုမဟုတ်ဘူး၊ ပုဒ်မလေးဆယ်နဲ့ ပုဒ်မ တစ်ရာနဲ့လည်း စွဲလို့ရပါတယ်။ အမှုရင်ဆိုင်နေရတဲ့ အကျဉ်းကျခံ အချိန်ကာလမှာ ကြိုက်သလို စွဲဆိုခွင့်ရှိပါတယ်။ ကျွန်တော်တို့ အမှု ရင်ဆိုင်ပါမယ်။ အခုက အဲ့ဒီအချိန်ကာလက ဘာမှ လုပ်ခဲ့တာမရှိဘဲနဲ့၊ လွတ်သွားတဲ့ အချိန်ကျမှ ထပ်ပြီးတော့ ဒါ ဘယ်ပုဒ်မ၊ ဘယ်ပြစ်မှုဆိုတဲ့ ထပ်ဆင့်ပြီးတော့ စွဲတဲ့ အလုပ်ဟာ ဒီကလေးတွေကို သက်သက် ဒုက္ခပေးတာ ရောက်တဲ့ အပြင် ဥပဒေကြောင်း အရ မညီပါဘူး။ ဒီအမှုတစ်ခုတည်းကိုဘဲ ထပ်ပြီးတော့ အကြိမ်ကြိမ် အဖန်ဖန်စွဲနေတာဟာ ဒီဥပဒေနဲ့လည်း မညီဘူး။ မညီဘူးဆိုတာကလည်း ဒီကလေးတွေနဲ့ ကိုယ်နဲ့ခံစားချက်၊မိဘအသိုင်း အဝိုင်းတွေရဲ့ ရုံးဆင်းရုံးတက်လုပ်ရတဲ့ ကိစ္စ၊မြောက်ဦးကနေ စစ်တွေကိုလာပြီးတော့၊အမှု ရင်ဆိုင် တဲ့ကိစ္စ၊ဒီလို အဘက်ဘက်ကနေ ဒုက္ခတွေ အင်မတန် ခံစားရတဲ့အတွက် ကျွန်တော်တို့ရခိုင်အမျိုး သားပါတီ အနေနဲ့ကတော့ ခုလိုဒီကလေးတွေကို ဆက်ပြီးတော့ တရားစွဲဆိုတဲ့ကိစ္စဟာ ဥပဒေစံအရ သော်လည်းကောင်း၊ လူမှုရေးစံအရသော်လည်းကောင်း သက်သက် ဒုက္ခပေးနေတယ်လို့ မြင်ပါတယ်ခင်ဗျ။”







