ထောင်မှလွတ်လာသူ ၈ ဦးကို ပြန်ဖမ်းပြီးတရားစွဲခြင်းသည် ဆူပူအောင်လုပ်ရန် ရည်ရွယ်ချက်ဟု ရခိုင်ရဟန်းတော်များအဖွဲ့ဆို

ထောင်မှလွတ်လာသူ ၈ ဦးကို ပြန်ဖမ်းပြီးတရားစွဲခြင်းသည် ဆူပူအောင်လုပ်ရန် ရည်ရွယ်ချက်ဟု ရခိုင်ရဟန်းတော်များအဖွဲ့ဆို

မြောက်ဦးဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် (၈)လ ချမှတ်ခံရပြီး ပြန်လွတ်လာသူ မြောက်ဦးဒေသခံ ၈ ဦးကို ရဲကပြန်လည်ဖမ်းဆီးပြီး တရားစွဲဆိုခြင်းသည် ရခိုင်ပြည်ကို ဆူပူအောင်လုပ်ရန် ရည်ရွယ်ချက်ဖြစ်ကြောင်း ရခိုင်ရဟန်းတော်များအဖွဲ့ -ရန်ကုန် ပြန်ကြားရေး တာဝန်ခံ အသျှင် သဘာဝနဒီက ပြောဆိုသည်။

ရခိုင်ရဟန်းတော်များအဖွဲ့ – ရန်ကုန်က စက်တင်ဘာ ၂၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းစဉ် ရခိုင်ရဟန်းတော်များအဖွဲ့ (ရန်ကုန်) ပြန်ကြားရေး တာဝန်ခံ အသျှင် သဘာဝနဒီက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

“ ဦးဇင်းတို့ ကြေညာချက် ထုတ်ရတာက အခုလို ပြန်ဖမ်းပြီး တရားစွဲဆိုတာဟာ ရခိုင်ပြည်ကို မဆူ- ဆူအောင်လုပ်တယ်လို့ ဦးဇင်းတို့ ရဟန်းတော်အဖွဲ့က သုံးသပ်တယ်။ အကြောင်းမဲ့ သူတို့ကို ဖမ်းတယ်ပေါ့။ သူတို့ကို တရားရုံးက ထောင် ၈ လိုက်ခံလိုက်ရပြီးမှ နောက်ထပ် ချုပ်ရက် ပြည့်သွားတဲ့ အတွက် သူတို့ကို မလွတ်ပေးဘဲ ထပ်ပြီး ဖမ်းတယ်ဆိုတာက ဒါလုံးဝ မဖြစ်သင့်ဘူး။ မြန်မာနိုင်ငံရဲ့ တရားဥပဒေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရဲ့ ဥပဒေအထက်မှာ တစ်စုံတစ်ယောက်ရှိနေပြီလို့ ဦးဇင်းတို့က သုံးသပ်တယ်” ဟု ရခိုင်ရဟန်းတော်များအဖွဲ့ -ရန်ကုန် ပြန်ကြားရေး တာဝန်ခံ အသျှင် သဘာဝနဒီက ပြောကြားသည်။

ရခိုင်ရဟန်းတော်များအဖွဲ့ -ရန်ကုန်က စက်တင်ဘာ ၂၅ ရက် နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာချက်တွင် ပြည်သူပိုင် ဥပဒေပုဒ်မ ၆(၁) ဖြင့် ထောင် ၈ လ ကျခံပြီး ပြန်လွတ်လာသော အပြစ်မဲ့ပြည်သူများအား ပြန်လည် ဖမ်းယူခြင်းသည် မြန်မာပြည်တွင်း ဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ရခိုင်လူမျိုးများသည် ဥပဒေ၏ အကာအကွယ်ကို မရရှိဘဲဥပဒေ၏ ခြိမ်းခြောက်မှု၊ ညှင်းပမ်း နှိပ်စက်မှုဒဏ်ကို ခံစားနေရသည်ဟုလည်းကောင်း မှတ်ယူသည်ဟု ဖော်ပြပါရှိသည်။

ဤသို့သော အာဏာပိုင်များ၏ လုပ်ရပ်သည် ရခိုင်လူမျိုးများ အပေါ် တရားဥပဒေကို အကြောင်းပြပြီး အမျိုးမျိုးလီဆယ်ကာ လူမျိုးရေးအရ နှိပ်ကွက်နေသည်ဟု၎င်း၊ ယခုကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များသည် လူမျိုးရေး အပေါ် အငြိုးအတေးကြီးစွာဖိနှိပ်ချုပ်ချယ်နေသည်ဟု၎င်း၊ ရဟန်းတော်အဖွဲ့ကသုံးသပ်ကြောင်း ဖော်ပြသည်။

ဤသို့ ဥပဒေမဲ့လုပ်ရပ်များသည် လူမျိုးရေးကို အခြေခံသောပဋိပက္ခများကို ဖြစ်ပွားစေရန် နိုးဆွပေးသကဲ့သို့ ဖြစ်နေသည်။ ဤသို့ မတရားဖမ်းဆီးခြင်း လုပ်ရပ်အား အာဏာပိုင်များ အနေဖြင် ရပ်တန့်က ရပ်ပါဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“ဒီလို လုပ်ရပ်မျိုးက မြန်မာနိုင်ငံရဲ့ တရားဥပဒေကြောင်းအရရောဖြစ်စေ၊ လုပ်ထုံးလုပ်နည်းအရ ဖြစ်စေ အရင်က မတွေ့ဖူးဘူးဗျာ။ လုံးဝ တရားမျှတမှု မရှိဘူးလို့ ဦးဇင်းတို့က မှတ်ယူပါတယ်။ ဘာဖြစ်လို့ အလံအမှုနဲ့ စွဲချင်တယ်ဆိုရင် တစ်ခါတည်း မစွဲရသလဲ။ အခုမှ သက်သေအတုတွေနဲ့ စွဲတယ်ဆိုတော့ ဒါက သက်သက် ဆူပူအောင်လုပ်တယ်လို့ဘဲ ဦးဇင်းတို့က မှတ်ယူပါတယ်” ဟု ပြောကြားသည်။

သက်ဆိုင် ပြည်ထောင်စုတရားသူကြီးချုပ်ဆီကို တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ အနာဂတ် လုပ်ဆောင်မည့် ကိစ္စရပ်များကို ဖြစ်ပေါ်လာသည့် အခြေအနေအပေါ် မူတည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသျှင်သဘာဝနဒီက ပြောကြားသည်။

ရခိုင်ရဟန်းတော်အဖွဲ့-ရန်ကုန်မှ ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ရခိုင်လူငယ် (၈) ဦးအား ပြန်လည် ထပ်မံဖမ်းဆီးခြင်းအားပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း ဖော်ပြထားသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...