မင်းပြား-အိုးပျဉ်ထောင်ရွာတွင် ကျွဲအကောင် ၅ဝကျော် ထူးထူးဆန်းဆန်းသေဆုံးမှု ဓာတ်ခွဲခန်းပို့၍ စစ်ဆေးမည်

မင်းပြား-အိုးပျဉ်ထောင်ရွာတွင် ကျွဲအကောင် ၅ဝကျော် ထူးထူးဆန်းဆန်းသေဆုံးမှု ဓာတ်ခွဲခန်းပို့၍ စစ်ဆေးမည်

မင်းပြားမြို့နယ် အိုးပျဉ်ထောင်ရွာတွင် တောင်ပေါ်လွတ်မွေးထားသည့် ကျွဲ ၅၅ ကောင် ထူးထူးဆန်းဆန်း သေဆုံးနေမှုနှင့် ပတ်သက်ပြီး အချက်အလက်များကို ရန်ကုန်ရှိ ဓာတ်ခွဲခန်းထိ ပို့ဆောင်၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း မင်းပြားမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ချစ်ဦးလွင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

" မနက်ပိုင်းမှာ ကျွဲတွေသေတဲ့ တောင်ပေါ်တက်ပါမယ်။ တောက်ထိပ်ကို ရောက်ရင် သေဆုံးတဲ့ ကျွဲတွေရဲ့ ဓာတ်ခွဲ စမ်းသပ်လို့ရမယ့် အင်္ဂါအစိတ်အပိုင်း တစ်ချို့ကို ရန်ကုန် ဓာတ်ခွဲခန်းကို ပို့ပါမယ်။ ရေကန်၊ ရေမြောင်းတွေက ရေနမူနာတွေကိုလည်း ရန်ကုန် ဓာတ်ခွဲခန်းထဲကို ပို့ပြီး စစ်ဆေးမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ချစ်ဦးလွင်က ပြောသည်။

မင်းပြားမြို့နယ် တိမွေးကု ဦစီးဌာန ဦးစီးမှူး ဒေါက်တာ ချစ်ဦးလွင်ဦးဆောင်သော ၈ ဦးပါ ကုသရေး အဖွဲ့သည် စက်တင်ဘာ ၂၃ ရက်နေ့တွင် အိုးပျဉ်ထောင် ကျေးရွာသို့ ရောက်ရှိနေပြီး ၎င်းရွာတွင် ညအိပ်ရပ်နားကာ စက်တင်ဘာ ၂၄ ရက်နေ့တွင် တောင်ပေါ်တက်ကာ ကာကွယ်ရေး အပိုင်းကို ဆောင်ရွက်မည် ဖြစ်သည်။

“ အခုကတော့ ကာကွယ်ရေးအပိုင်းကိုဘဲ လုပ်ဖို့ ညွှန်ကြားထားတော့ ကာကွယ်ရေးအတွက် ဆေးတွေတော့ ပါလာပါတယ်။ ကုသရေး အပိုင်းကျတော့ ဓာတ်ခွဲစမ်းသပ်ပြီး ရောဂါ အခြေအနေကို သိရှိမှ ကုသရေး အပိုင်းကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဘာကြောင့်ကျွဲတွေသေတယ်ဆိုတာကိုတော့ မပြောနိုင်သေးပါ” ဟု မင်းပြားမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ချစ်ဦးလွင်က ပြောဆိုသည်။

အဆိုပါကျွဲများ အစုလိုက် အပြုံလိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး အိုးပျဉ်ထောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျန်လူက “ သေတဲ့ကျွဲက ကောင်ရေ ၅၅ ကောင်ပါ။ ပျောက်နေတဲ့ ကျွဲက အကောင် ၄၄ ကောင်ရှိပါတယ်။ လယ်ထွန်ယက်စိုက်ပျိုးလို့ အပြီး တောင်ပေါ်မှာ လွတ်ထားရာကနေ အခုလို သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ယခုလို ရွာအနီးအနားတွင် ကျွဲများအား မွေးမြူမထားဘဲ တောင်ပေါ်ကို လွတ်တင်ထားရခြင်းမှာ ကျွဲများအတွက် စားကျက်မြေများ မရှိရာမှ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ ကျွဲတွေစားမယ့် စားကျက်တွေက မရှိတော့ဘူး။ အကုန်လုံး စပါးစိုက်ထားကြပြီ။ ဒါကြောင့် လယ်ထွန်လို့ ပြီးတာနဲ့ တောင်ပေါ်မှာ လွတ်ထားကြရပါတယ်။ အခုတော့ ကျွဲအကောင် ၅၀ ကျော်သေဆုံးသွားခဲ့ကြပါပြီ” ဟု ဦးကျန်လူက ပြောကြားသည်။

"သေတာက လျှာတွေထွက်ပြီး ပါးစပ်တွေက အမြှုပ်တွေထွက်ပါတယ်။ လည်ပင်းတွေလည်း ရောင်တယ်လေ။ လည်ပင်းရောင်ပြီး ခဏလေးနဲ့ကို သေတာ"ဟု ကျွဲ ၁၁ ကောင်သေဆုံးသွားသည့် အိုးပျဉ်ထောင်ကျေးရွာမှ ကိုမောင်သန်းနိုင်က နိရ ဉ္စရာသို့ပြောသည်။

"ကျွဲတစ်ကောင်ဆိုရင် ကာလပေါက်စျေး ကျပ် ၁ဝ သိန်းရှိပါတယ်။ ကျနော်တို့ ၁၁ ကောင်လုံးသေသွားတော့၊ ကိုယ်ဝန်နဲ့ကျွဲတွေလည်း သေသွားတယ်လေ။ အခုလို သေသွားတော့ ကျနော်တို့လည်း အရမ်းအခက်တွေ့နေပါတယ်။ ကျနော့်အဖေဆိုရင် လယ်တွေကိုလည်း မသွားတော့ဘူး။ အိမ်မှာ မှိုင်ပြီးတော့ ဖြစ်နေရပါတယ်"ဟု ကိုမောင်သန်းနိုင်က ဆိုသည်။

သေဆုံးနေသည့်ကျွဲများမှာ အိုးပျဉ်ထောင်ကျေးရွာတစ်ခုတည်းမှဖြစ်ပြီး အဆိုပါဒေသရှိ ကျွဲ၊ နွားများအား မင်းပြားမြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဇူလိုင်လတွင်း တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးထိုးပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...