ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊ ၀ါးတောင်အုပ်စု၊ တောင်ရှည်ရွာတွင် တာတမံ ကျိုးပေါက် သွားသဖြင့် ဆားငံရေများ ဝင်ရောက်ရာမှ စိုက်ပျိုးမြေ လယ်ဧက ၆၀ ပျက်စီးသွားပြီး လယ်သမားများ အနေဖြင့် ဒုက္ခကျရောက်နေကြောင်း တောင်ရှည်ကျေးရွာမှ လယ်သမားကြီးများက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
“ ကျိုးပေါက်သွားတာ ဒီနှစ် သြဂုတ် ၂၀ ရက်နေ့က ဒီရေကြီးပြီး နေရာ ၆ ခုလောက် ကျိုးပေါက် သွားပါတယ်။ ဒီလို ကျိုးပေါက်သွားတာကို ခရိုင်၊ မြို့နယ်တာဝန်ရှိသူတွေနဲ့ စိုက်ပျိုးရေး၊ ဆည်မြောင်းဌာနပေါင်းစုံကို စာတင်ပါတယ်။ တိုင်ကြားပါတယ်။ ဒီနေ့ထိ အကြောင်းပြန်တာ၊ လာကြည့်တာ လုံးဝ မရှိပါဘူး” ဟု လယ်သမားတစ်ဦးဖြစ်သူ ဦးရွှေမောင်က ပြောဆိုသည်။
ကျိုးပေါက်သွားသော တာတမံကို ကျောက်တောင်- ဘူးသီးမော်ကာရီဟု ခေါ်ဆိုပြီး ယင်းကာရီ အတွင်း ပျက်စီးသွားသော ဧက ၆၀ မှာ ကွင်းအမှတ် (၄၂၈)၊ ဦးပိုင်အမှတ် (၁/၁) မှ ဖြစ်ကြောင်း၊ လယ်သမား ၁၆ ဦးပိုင်ကြောင်း သူက ပြောကြားသည်။
“ ကျွန်တော်တို့ ရွာသားတွေမှာက လူအင်အားလည်း မရှိ၊ ငွေအားလည်း မရှိတဲ့ အတွက် ကိုယ်တိုင်ဆည်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ ဒီအတွက်သက်ဆိုင်ရာ ဌာနပေါင်းစုံကို အကူအညီ တောင်းပေမယ့် ဘယ်သူမှ အရေးယူဆောင်ရွက်ပေးတာ မရှိပါဘူး” ဟု ၎င်းက ပြောကြားသည်။
တာတမံများ ကျိုးပေါက်သွားသဖြင့် ဆားငံရေဝင်ပြီး စိုက်ပျိုးစပါးများမှာအားလုံးမှာ ၀ါ၀ါကြန့်ကြန့် ဖြစ်သွားကာ ပျက်စီးသွားခဲ့သည်ဟု သိရသည်။
“ ဒီတာတမံကို ခုပြန်ဆည်ရင်တောင်မှ အချိန်မရှိတော့ စိုက်ပျိုးလို့ ရနိုင်တော့မယ် မထင်ပါဘူး။ အခု လယ်သမားတွေ တော်တော် ဒုက္ခရောက်နေကြရပါတယ်။ အဓိက လယ်ပျက်စီးသွားတော့ စားဝတ်နေရေး အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ပီးရင် သားသမီးတွေရဲ့ ပညာရေးလည်း အခက်အခဲ ဖြစ်သွားနိုင်ပါတယ်” ဟု ဦးရွှေမောင်က ပြောသည်။
ဦးရွှေမောင်တွင် အဝေးသင်တက်နေသူ သားတစ်ဦး၊ ခုနှစ်တန်းတက်နေသူ သမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့ရှိကြောင်း ပြောကြားသည်။
အဆိုပါလယ်မြေပျက်စီးကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် ၀ါးတောင်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေဦးအား အကြိမ်ကြိမ်ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။







