ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ မိုင်းယုကျေးရွာအုပ်စု၊ မန့်မော်ကျေးရွာတွင် နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ ဒေသဖွံ့ဖြိုးရေးအတွက် ၉၉၈၇ ပေ ကွန်ကရစ်လမ်းနဲ့ ကျေးရွာမီးလင်းရေးအတွက် ၀.၄ ကီလိုဗို့ ဓာတ်အားလိုင်းမီးတိုင်များ စိုက်ထူသွယ်တန်းပေးခဲ့ပါတယ်။
သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်၊ မနက်ပိုင်းက အဲဒီကျေးရွာမှာ ပြုလုပ်ခဲ့ပြီး ကုမ္ပဏီမှ Corporate Social Responsibility –CSR အနေနဲ့ ဆောင်ရွက်ပေးခဲ့တာပါ။
“ နန်းမောကျွေးရွာမှာ CSR လုပ်ရတဲ့ရည်ရွယ်ချက်က အလုပ်အကိုင်၊ လူမှုစီးပွားဖွံ့ဖြိုးဖို့က အခြေခံ အဆောက်အအုံ ဖြစ်ပါတယ်။ အခြေခံအဆောက်အအုံရှိမှသာ ပညာရေး၊ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တဲ့အတွက် လှူဒါန်းရတာ ဖြစ်ပါတယ်” လို့ ကွန်ကရစ်လမ်းနှင့်လျှပ်စစ်မီး လှူဒါန်းရတာနဲ့ပတ်သက်ပြီး အလှူ ရှင် နယူးစတားလိုက်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း က ပြောပါတယ်။
လက်ရှိမှာ နယူးစတားလိုက် ကုမ္ပဏီလီမိတက်အနေဖြင့် မူဆယ်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ် လုပ်ငန်းနဲ့ မူဆယ်စီးပွားရေးဇုန် စီမံကိန်းတို့ လုပ်ဆောင်နေလျှက်ရှိပါတယ်။
ယခင်က မြေသားလမ်းဖြစ်ပြီး မိုးရာသီတွင်သွားလာရန် ဒေသခံတွေအနေနဲ့ ခက်ခဲကြောင်းလည်း သိရကာ ဒီလမ်းက မန့်မော်ကျေးရွာနှင့်ပြည်ထောင်စုလမ်းမကြီးကို ချိတ်ဆက်ပေးလိုက်ခြင်းကြောင့် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သွားသည့်အပြင် ဒေသခံတွေရဲ့ စီးပွားရေးမှာလည်း ကောင်မွန်လာမယ်လို့ မျှော်လင့်ရကြောင်း ဒေသခံတွေက ဆိုပါတယ်။
အခမ်းအနားကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကိန်မိုင်၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း၊ နယူးစတားလိုက်ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနှင့်ဇနီး ဒေါ်မေရင်၊ တအာင်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမိုင်းလှရွှေ၊ တိုင်းရင်းသားပရဟိတလူမှုရေးအသင်းအဖွဲ့များနဲ့ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။
ကွန်ကရစ်လမ်းနှင့်လျှပ်စစ်မီး လုပ်ငန်းကိစ္စအရပ်ရပ်ကို သက်ဆိုင်ရာအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံများလည်းရိုက်ကူးခဲ့ကာ နယူးစတားလိုက် ကုမ္ပဏီလီမိတက်အနေဖြင့် မူဆယ်မြို့နယ် အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ကူညီပေးသွားမယ်လို့ သိရပါတယ်။







