အိန္ဒိယမှ ထွန်စက်နှင့်ရိတ်သိမ်းခြွေစက်၃ဝစီးနှင့်ကွန်ပျူတာအလုံး ၄ဝကူညီရန် ရခိုင်အစိုးရနှင့် MoU ရေးထိုး

အိန္ဒိယမှ ထွန်စက်နှင့်ရိတ်သိမ်းခြွေစက်၃ဝစီးနှင့်ကွန်ပျူတာအလုံး ၄ဝကူညီရန် ရခိုင်အစိုးရနှင့် MoU ရေးထိုး
by -
စံမောင်သန်း

အိန္ဒိယနိုင်ငံမှ ရခိုင်ပြည်နယ် လယ်သမားများအတွက် လယ်ထွန်စက် ၁၅ စီး၊ ရိတ်သိမ်း ခြွေလှည့်စက် ၁၅ စီး၊ စစ်တွေကွန်ပျူတာတက္ကသိုလ်အတွက် ကွန်ပျူတာအလုံး ၄၀ ကူညီရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Shri Vikram Misri သည် ယမန်နေ့ (စက်တင်ဘာ ၁၂ရက်နေ့)  ညနေပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် MoU ရေးထိုးခဲ့သည်။

လယ်ယာသုံးပစ္စည်းများကို လွှဲပြောင်းပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်း ဝန်ကြီး ဦးကျော်လွင်နှင့်လည်းကောင်း၊ ကွန်ပျူတာများ လွှဲပြောင်း ပေးအပ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့်လည်းကောင်း အိန္ဒိယ သံအမတ်ကြီးက MOU ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အိန္ဒိယသံအမတ်ကြီးတို့က အဖွင့် အမှာစကား ပြောကြားခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ သမိုင်းကာလ ရှည်လျားစွာ အိမ်နီးချင်း ကောင်းပီပီ ရပ်တည်နေထိုင်လာခဲ့ပြီး၊ ကုန်သွယ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးကဏ္ဍစတဲ့ ကဏ္ဍပေါင်းစုံမှာ ကူးလူးဆက်ဆံမှု ရှိခဲ့ပြီးတော့ ယခုလို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေတဲ့အချိန်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီးတော့ အိန္ဒိယ သံရုံးက အခုလိုမျိုး လယ်ယာသုံး စက်ပစ္စည်းများနဲ့ ကွန်ပျူတာများ ကူညီပေးရန် သဘောတူညီမှုအတွက် အိန္ဒိယအစိုးရနဲ့ အိန္ဒိယပြည်သူများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်”ဟု ပြေကြားသွားခဲ့သည်။

အိန္ဒိယအစိုးရအနေဖြင့် ကနဦးကူညီမှုအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်လျက် ၅ နှစ်ကာလအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းကို ကူညီထားပြီး ထိုအထဲမှ ငွေများကို အသုံးပြု၍ မောင်တော အကြမ်းဘက်မှုဖြစ်စဉ်ကြောင့် ဒုက္ခရောက်ရှိနေသည့် ရခိုင်၊ ဟိန္ဒူနှင့် မြို၊ သက္ကမစသည့် ရခိုင်ပြည်နယ် တိုင်းရင်းသားများနှင့် ဘင်္ဂလီတို့အတွက် နေအိမ် ၂၅၀ လုံးကို စီစဉ် ဆောက်လုပ်ပေးလျက်ရှိသည်ဟု သိရသည်။

အိန္ဒိယသံအမတ်ကြီး H.E. Shri Vikram Misri က “အိန္ဒိယနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုလားတန် စစ်တွေရေနက်ဆိပ်ကမ်းတစ်ခုကို ဆောက်လုပ် ထားပြီးတော့ ဒီနှစ်အတွင်းမှာ လက်တွေ့အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။ အိန္ဒိယ အနေနဲ့ ရခိုင် ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အကျိုးရှိစေမယ့် အခြားကဏ္ဍတွေအတွက်လည်း ပံ့ပိုး ကူညီ သွားပါမယ်”ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အိန္ဒိယသံအမတ်ကြီးနှင့် အိန္ဒိယမှ သက်ဆိုင်ရာဝန်ကြီးများနှင့် ကောင်စစ်ဝန်ချုပ်နှင့် ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများ၊ ကွန်ပျူတာ တက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ၊ လယ်သမားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...