ယမန်နှစ်ထက် နှမ်းစျေး ၂ ဆ တက်

ယမန်နှစ်ထက် နှမ်းစျေး ၂ ဆ တက်
by -
ခူးစိုးရယ်ဦး
ဘောလခဲမြို့နယ်ရှိ နှမ်းစိုက်တောင်သူများမှ နှမ်းခြွေလှေ့နေစဉ်(ဓါတ်ပုံ-လင်းသန့်)
ဘောလခဲမြို့နယ်ရှိ နှမ်းစိုက်တောင်သူများမှ နှမ်းခြွေလှေ့နေစဉ်(ဓါတ်ပုံ-လင်းသန့်)

ကယားပြည်နယ်တွင် ယခုနှစ် နှမ်းထွက်ချိန် ယခင်နှစ်ကထက် ပေါက်စျေး ၂ ဆ ပေးပြီး ဝယ်ယူနေသည်။ ၂ နှစ်ဆက်တိုက် နှမ်းစျေးကျဆင်းခဲ့ရာက ယခုနှစ်တွင် စံချိန်တင်စျေးကောင်းရနေခြင်းဖြစ်သည်။

နှမ်းအဓိက စိုက်ပျိုးသော ဘောလခဲမြို့နယ်တွင် နှမ်း(စမုံနက်) ၁ ပိဿာလျှင် ၄၁၀၀ ကျပ်အထိ စျေးပေါက်နေပြီး ရိုးရိုးနှမ်းနက်မှ ၃၇၀၀ ကျပ်အထိ စျေးကောင်းရနေသည်။

ယမန်နှစ်က နှမ်း(စမုံနက်) ၁ ပိဿာလျှင် ၂၅၀၀ ကျပ် ဝန်းကျင်နှင့် ရိုးရိုးနှမ်းနက်မှ ၂၀၀၀ ကျပ် ဝန်းကျင်သာ ရရှိခဲ့သည်။

တရုုတ်မှ ဝယ်လိုအားကောင်းနေခြင်းကလည်း ယခုနှစ် ပြည်တွင်း၌ နှမ်းစျေးကောင်းရနေခြင်းဖြစ်သည်။

ယခုနှစ်၌ မိုးများသဖြင့် နှမ်းစိုက်ခင်းများအပျက်အစီးများ၍ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက နှမ်းအထွက် နှုန်းမှာ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး လက်ရှိစျေးကွက်အတွင်းတွင် ကောင်းလာခြင်းဖြစ်သည်။

“ကျွန်တော်တို့ နှမ်းခုတ်ပြီးပြီ။ ဒါမဲ့ မိုးပျက်စီးတယ်၊ အခြောက်လှမ်းမယ်ဆို မခြောက်တော့ဘူး၊ အပင်ပေါ်မှာပဲ ပုတ်ကုန်တယ်။”ဟု ဒေါဖုအုပ်စု ဒေါပဲ့တူးကျေးရွာဥက္ကဌ ဦးနဲရယ်က ပြောသည်။

ကယားပြည်နယ်၌ ဘောလခဲခရို်င်တွင် နှမ်းအများဆုံးစိုက်ပျိုးပြီး ယခုနှစ်တွင် တစ်ပြည်နယ်လုံး နှမ်းစိုက်ခင်း ဧက ၂ သောင်းနီးပါး စိုက်ပျိုးသည်။

၂၀၁၇ ခုနှစ်က မန္တလေးပဲနှမ်းစျေးကွက်တွင် သုံးတင်းဝင် တအိတ်လျှင် ၁ သိန်း ၄ သောင်းကျပ် ဝန်းကျင်သာရရှိခဲ့ပြီး ယခုနှစ်မှာမူ နှမ်းနက်စမုံ( ထိပ်စ)သည် စျေးကွက်၌၂ သိန်း ၁ သောင်းကျပ်ဖြင့် မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ပွဲရုံများမှ သိရသည်။

ထိုနည်းတူ ယနေ့စျေးကွက်၌ နှမ်းဖြူ ၁ အိတ်လျှင် ၁ သိန်း ၆ သောင်းကျပ်၊ နှမ်းညို တစ််အိတ် ၁ သိန်း ၄ သောင်းကျပ်၊ နှမ်းအဝါ ၁ သိန်း ၄ သောင်းကျပ်တို့နှင့် မန္တလေးတွင် အရောင်းအဝယ် စည်ကားလျက်ရှိနေသည်။

စျေးနှုန်းများသည် စျေးကွက်သို့ နှမ်းအသစ်ဝင်သည့် ဇူလိုင်လဆန်းမှ စတင်ကာ တဖြည်းဖြည်းစျေးတက်လာခဲ့ပြီး ယနေ့စျေးသည် သုံးနှစ်အတွင်းစံချိန်တင် အမြင့်ဆုံးစျေးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

“နှမ်းစျေးကတော့ နှမ်းဝယ်ဒိုင်တွေက တစ်ပိဿာကို သုံးထောင်ကျော်လောက်နဲ့ စဖွင့်ထားပါတယ် ရှေ့မှာက နမူနာ ပြန်ပို့ပေးပြီးရင်တော့ စဖွင့်ပေးမှာပေါ့။” ဟု ကယားပြည်နယ်ထွက် ပြောင်းနှင့် နှမ်းဝယ်ယူရောင်းချရေးဝန်ဆောင်မှုပေးနေသည့် ဦးမြင့်မောင်က ပြောသည်။

နှမ်းအဓိကစိုက်ပျိုးသည့် ဘောလခဲခရိုင်နှင့် ရှားတောမြို့နယ်ရှိ နှမ်းနမူနာကို ပေးပို့ကာ နှမ်းအဖွဲ့ချုပ်မှ ရန်ကုန်၊ မန္တလေးတို့ အင်စပိုတာနဲ့ ဆက်သွယ်ပေးပြီး တဆင့် ဂျပန်နိုင်ငံသို့ တင်ပို့ ရောင်းချရန် စီစဉ်လျက်ရှိကြောင်း ဦးမြင့်မောင်က ပြောသည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...