ရခိုင်ရှေးဟောင်း မင်းနေမြို့တော် မြောက်ဦး၏ (၅၈၈) နှစ်မြောက် မြို့တည်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့က ကျင်းပပြုလုပ်ခဲ့သည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်၊ ရခိုင်သက္ကရာဇ် ၁၃၈၀ ခုနှစ် တော်သလင်းလဆန်း ၁ ရက်နေ့သည် မြောက်ဦးမြို့ကို စတင် တည်ခဲ့သည့်နေ့ဖြစ်၍ အထိမ်းအမှတ် အနေဖြင့် ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဦးမောင်သိန်းထွန်းက ပြောသည်။
အခမ်းအနားသို့ သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့ နာယက သမိုင်းသုတေသီ ဆရာကြီး ဦးအောင်လှသိန်း၊ နာယက ဦးမောင်သိန်းထွန်း၊ ဥက္ကဋ္ဌ ဦးကျော်ဇံမောင်နှင့် အဖွဲ့ဝင် ၂၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့ပြီး သာကီမဏ္ဍိုင် အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က မြောက်ဦးမြို့ ခမ်းနား ကြီးကျယ်ခဲ့ပုံကို သီချင်းရေးဖွဲ့သီဆိုကာ အဖွဲ့နာယက ဦးမောင်သိန်းထွန်း က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
“ဘုရင် မင်းစောမွန် တည်ထောင်ခဲ့တဲ့ မြောက်ဦးမြို့နဲ့ မြောက်ဦးခေတ်ဟာ နှစ်ပေါင်း ၃၅၀ ကျော် တည်တံ့ရှည်လျားခဲ့ပြီးတော့ ရခိုင်တို့ရဲ့ ရွှေခေတ်လို့ သတ်မှတ်ရလောက်အောင် ခမ်းနားကြီးကျယ် ခဲ့ပါတယ်။ ပေါ်တူဂီ၊ ဒတ်ချ်တို့နဲ့ မဟာမိတ်ဖွဲ့ ကုန်သွယ်မှု ပြုလုပ်ပြီး ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းထဲကို ရခိုင်တွေ ပါဝင်နိုင်ခဲ့ပါတယ်”ဟု ဦးမောင်သိန်းထွန်းက ပြောသည်။
လောင်းကြက်မြို့သည် ရန်သူတို့ အကြိမ်ကြိမ်တိုက်ခိုက်ခြင်းကို ခံရပြီး ဟောင်းနွမ်း ပျက်စီးနေပြီဖြစ်သည့်အတွက် ယင်းအချိန်က ရခိုင်ဘုရင့်နိုင်ငံတော်ကို အုပ်ချုပ်သည့် ဘုရင် မင်းစောမွန်သည် မြို့သစ်တည်ရန် အသင့်တော်ဆုံးနေရာကို ရွေးချယ်ခဲ့ပြီး၊ ရှင်ဘုရင်၏ နန်းသက်တိုလျှင် တိုပါစေ၊ မြို့သက်ရှည်အောင် ပညာရှိအမတ်များနှင့် ဗေဒင်တွက်ချက်ပြီး မြောက်ဦးမြို့ကို တည်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်သမိုင်းအရ သိရသည်။
ဘုရင်မင်းစောမွန်သည် မြောက်ဦးမြို့တည်ပြီး ၃ နှစ်အကြာတွင် နတ်ရွာစံခဲ့သည်။
“ရခိုင်ဘုရင် မင်းစောမွန်ဟာ တိုင်းပြည်နဲ့ လူမျိုးနောင်ရေးကို ထည့်တွက်ပြီး မြို့သက် ရှည်စေဖို့ အတွက် အတွေ့အကြုံနုနယ်တဲ့ သားတော်တွေကို ထီးနန်းလွှဲမပေးဘဲ အတွေ့အကြုံ ရင့်ကျက်ပြီး လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ ညီတော်ကိုသာ ထီးနန်းလွှဲပေးခဲ့ပါတယ်”ဟု ဦးမောင်သိန်းထွန်းက ပြောသည်။
၅၈၈ နှစ်မြောက် မြောက်ဦးမြို့တည်နေ့ အခမ်းအနားကို မြောက်ဦးမြို့ နန်းရာကုန်းတွင်လည်း ဆီမီးထွန်းညှိ ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု သိရှိရသည်။







