ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်တို့အား အမှုသုံးခုဖြင့် တရားစွဲဆိုထားရာတွင် ၎င်းအမှု သုံးခုထဲမှ မတရားအသင်းနှင့်ဆက်သွယ်မှု ၁၇ (၁) ကို ပလပ်လိုက်ပြီး ကျန်အမှု ၂ ခုဖြစ်သည့် နိုင်ငံတော်ပုန်ကန်မှု ၁၂၂ (၁) နှင့် နိုင်ငံတော် အကြည်အညိုပျက်စေမှု ၅၀၅ (ခ) တို့့ဖြင့် တရားစွဲဆိုရန် စစ်တွေခရိုင်တရားသူကြီး ဒေါ်မြအေးက ယမန်နေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် အမိန့် ချမှတ်ခဲ့သည်။
ထိုသို့ အမိန့်ချမှတ်လိုက်သည့် အပေါ် ဒေါက်တာအေးမောင်က "သွားကြားထိုးတံတောင်မပါသူကို နိုင်ငံတော်ပုန်ကန်မှုနှင့် စွဲဆိုသည်" ဟု ဝေဖန်ပြောဆိုသွားခဲ့သည်။
“ လိုရင်းကတော့ဗျာ နိုင်ငံတော်ကို စစ်မက် ပြိုင်တဲ့သဘောပဲ။ ကျွန်တော်တို့မှာ သွားကြားထိုးတံတောင် မပါဘူး”ဟု တရားရုံးမှ အထွက်တွင် ဒေါက်တာအေးမောင်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ရသေ့တောင်မြို့တွင် ကျင်းပခဲ့သော ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်း အောက်မေ့ဖွယ် အခမ်းအနားတွင် ဟောပြောမှုဖြင့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား နိုင်ငံတော်ပုန်ကန်မှု ၁၂၂၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ၅၀၅ (ခ) နှင့် မတရားအသင်းနှင့်ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် စစ်တွေ ခရိုင် တရားရုံးနှင့် စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။
“၁၇ (၁) ကတော့ စွဲချက်မတင်ဘူး၊ ကျန်တဲ့ ၂ မှုက စွဲချက်တင်တယ်။ နိုင်ငံတော်သမ္မတရုံးက ဦးတိုက်လျှောက်ထားတဲ့ အမှု ၂ မှုလုံးကို စွဲချက်တယ်။ အဲ့ဒီ ၂ မှုလုံးကို ကျနော်တို့ ရှင်းမယ်၊ ကျနော်တို့ ရှေ့နေ ရှေ့ရပ်တွေနဲ့ တိုင်ပင်နေတယ်” ဟု ဒေါက်တာ အေးမောင်က ဆက်လက် ပြောဆိုသည်။
ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်း အခမ်းအနားများကို ဦးသိန်းစိန် အစိုးရလက်ထက် ကတည်းက ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်မည့် ပြည်သူ့ အစိုးရဖြစ်နေသည့်အတွက် ဟောပြောရာတွင် နိုင်ငံရေးသမားတစ်ဦး၊ လွှတ်တော် အမတ်တစ်ဦးအနေဖြင့် ပြည်ထောင်စုကို ပြန်တည်ဆောက်သည့်ကာလတွင် ခွင့်ပြုပေးနိုင်မည်ဟု ယူဆပြီး သဘောရိုးဖြင့် ဟောပြောခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
“ဒီလိုမျိုးလုပ်ရပ်တွေအပေါ် ထောက်ရှုရင် ဦးသိန်းစိန် အစိုးရ လက်ထက်ကထက် တင်းမာ နေပါလား ဆိုတဲ့ မှတ်ချက်လေးပဲ ပေးလိုတယ်။ ဦးသိန်းစိန် အစိုးရက လိမ္မာ ပါးနပ်မှု ရှိတယ်။ သူ့ကို စစ်တပ််တစ်ပိုင်းလို့ ပြောတယ်။ ကျနော်တို့ မြင်တာက ဦးသိန်းစိန်ဟာ ဖက်ဒရယ်ဖက်ကို ပထမဦးဆုံး ကနဦးပြောင်းတဲ့အစိုးရ၊ သူအများကြီး လုပ်ပေးခဲ့တာရှိတယ်။ လစဉ် လစဉ် မိဘပြည်သူများခမျာလို့ နိုင်ငံရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ဟာကို အကုန်လုံးကို ရှင်းပြပေးခဲ့တယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။
သူကဆက်လက်၍ “ ကျွန်တော် တို့ကို နိုင်တဲ့ အဖွဲ့အစည်းရှိမယ်။ နိုင်တဲ့အဖွဲ့အစည်းကို နိုင်မယ့် အဖွဲ့အစည်းလည်း ရှိတတ်ပါတယ်။ အဲ့ဒါ ဓမ္မတာပဲ။ ဓါးမိုးတဲ့ ခေတ်က ဒီမိုကရေစီခေတ်ကို ကျွန်တော်တို့ လိုချင်ကြတာ”ဟု ထောက်ပြပြောဆိုခဲ့သည်။
ကြီးသည့်အမှု ငယ်အောင်လုပ်မည့်အစား ငယ်သည့်အမှု ကြီးအောင်လုပ်နေသည့်အတွက် အမျိုးသားပြန်လည် ရင်ကြားစပ်ရေးကို မရနိုင်ကြောင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်ခြင်းသည် နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။
ဒေါက်တာအေးမောင် ဟောပြောရာတွင် ပါဝင်မှုများသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒေါ်အောင်ဆန်းစုတို့အား တင်ပြသည့်အခါတွင် ပါသည့်စာသားများနှင့် မတူကြောင်း၊ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် စကားများနှင့်မတူကြောင်း တရားလိုပြသက်သေ ကိုစိုးနိုင်နှင့် နယ်ထိန်း ရဲနှစ်ဦးက တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။
“ စိုးရိမ်တာက နိုင်ငံတော်သမ္မတကို တင်တဲ့အမှုတွေမို့လို့၊ ဦးတိုက်လျှောက်တဲ့ထားတဲ့ အမှုတွေမို့လို့ စွဲချက်တင်ရသလား၊ အဲ့ဒီလိုမျိုးဆိုရင် လွတ်လပ်တဲ့ တရားစီရင်ရေးအပေါ်မှာ လူထုက သံသယဝင်တော့မယ်။ အဲ့ဒါကြောင့် ဘက်လိုက်မှု ကင်းစေချင်တယ်၊ လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်စေချင်တယ်။ ဘက်လိုက်မှုဆိုတာ အစိုးရက စွဲတာမို့လို့၊ နိုင်ငံတော် သမ္မတကြီးကို တင်ရတဲ့ အမှုမို့လို့ စွဲချက်တင်ဖို့ ဆုံးဖြတ်ရတာလားဆိုတာကို ပြောချင်တာပါ”ဟု ၄င်းက ပြောသည်။
စွဲချက်တင်ရာတွင် တရားသူကြီးက တရားခွင်ထဲတွင် ဖတ်ပြသွားရာ၌ အစိုးရ၏ ယန္တရားကို ယိမ်းယိုင်အောင်နှင့် ယန္တရားတစ်ခုလုံး ပြိုပျက်သွားစေရန် ပြည်သူများ စိတ်ဝင်စားလာအောင် ပြောဆိုမှုများအပေါ်မူတည်၍ စွဲချက်တင်ခြင်းဖြစ်ကြောင်းသိရသည်။
“ဒေါက်တာအေးမောင် အနေနဲ့ နိုင်ငံတော်ပုန်ကန်ဖို့၊ သီးခြားနိုင်ငံထူထောင်ပြီးတော့ နေဖို့ဆိုတာမျိုးကို ပြောတာမဟုတ်ဘူး။ သူပြောနေတာ ဖက်ဒရယ်မူအတိုင်းပဲ၊ ဖက်ဒရယ် လမ်းကြောင်းကိုပဲ သူပြောတာပါ၊ ဒေါက်တာအေးမောင်ရဲ့ ဟောပြောချက်တွေဟာ ၅၀၅ နဲ့ရော၊ ၁၂၂ နဲ့ရော ငြိစွန်းတယ်လို့ ကျနော် မမြင်ဘူး”ဟု ဒေါက်တာအေးမောင်၏ အမှုတွက် လိုက်ပါ လုပ်ဆောင်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က သတင်းထောက်များကို ပြောသည်။
၁၉၇၃ ခုနှစ် စကားရပ်များ အဓိပ္ပာယ်ဖွင့်ဆိုချက် ဥပဒေ ၂၂ တွင် ဖော်ပြထားရာ၌ အကြောင်း အခြင်းရာ တစ်ခုကို အခြေခံပြီး အမှုအများကြီး တရားစွဲဆိုခြင်း မပြုရဟု ပါရှိသည်ဟု ဆိုသည်။
“ဒီနေ့စွဲချက်တင်တာဟာ ဒေါက်တာအေးမောင်ရဲ့ စီဒီခွေ ဟောပြောတဲ့ အပေါ်မှာ မူတည်ပြီးတော့ စွဲချက်တင်တာဖြစ်တယ်။ အဲ့ဒီတော့ အကြောင်းအခြင်းအရာ တစ်ခုအပေါ်မှာ ပြစ်မှု ၂ခုနဲ့ စွဲချက်တင်တာဟာ ဥပဒေအရ လွန်စွာမှားယွင်းနေတယ်လို့ ပြောရမှာဖြစ်ပါတယ် ”ဟု ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်အမှုအတွက် နောက်တစ်ပတ်ရုံးချိန်းကို စက်တင်ဘာလ ၁၄ ရက်နေ့ကို သတ်မှတ်လိုက်ကြောင်း၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် တရားခံများအား စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အမှုနှင့်ပတ်သက်၍ အပေါ်တရားရုံးတွင် ထပ်တင်ရန် ဒေါက်တာအေးမောင်ဘက်က ဆန္ဒမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောကြားသွားခဲ့သည်။







