တင်ဒါရွေးချယ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့် အညီ စိစစ်ရွေးချယ်ရန် ပေါက်တောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး တင်သွင်းသော အဆိုမှာ အောင်မြင်ခဲ့သည်ဟု သတင်းရရှိသည်။
ဦးအောင်ကျော်ထွီး အဆိုအား စက်တင်ဘာ ၆ ရက်နေ့က ကျင်းပခဲ့သည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၁ မဲ ကန့်ကွက်မဲ ၁မဲနှင့် ကြားနေမဲ ၃ မဲ ဖြင့် အတည်ပြုခဲ့သည်။
အဆိုရှင် ဦးအောင်ကျော်ထွီး၏ အဆိုအပြည့်အစုံမှာ "ဒီမိုကရေစီစနစ်၏ ပွင့်လင်းမြင်သာမှုကို ထင်ဟပ်ပေါ်လွင် စေရန် အလို့ငှာ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) အစိုးရဌာန၊ အဖွဲ့ အစည်းများ ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါ လုပ်ထုံးလုပ်နည်း၏ ညွှန်ကြားချက် များနှင့်အညီ ပြည်နယ် ဆိုင်ရာ တင်ဒါများကို ရွေးချယ်သွားစေရန် ရခိုင်ပြည်နယ် အစိုးရအား တိုက်တွန်းကြောင်း အဆို"ဖြစ်သည်။
“ ရခိုင်ပြည်နယ်အတွင်း ပြည်နယ် အစိုးရက တင်ဒါခေါ်ယူတဲ့ နေရာမှာ ဥပဒေနဲ့ အညီ ပွင့်လင်း မြင်သာမှုရှိရေးနဲ့ အားလုံးက လက်ခံနိုင်တဲ့ တင်ဒါရွေးချယ်ပွဲ တွေဖြစ်ဖို့ အတွက် ရည်ရွယ်ပြီး အဆိုတင်သွင်းရတာ ဖြစ်ပါတယ်” ဟု အဆိုရှင် ဦးအောင်ကျော်ထွီးက ပြောသည်။
ဦးအောင်ကျော်ထွီးအဆိုအား ကျောက်တော်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန် (ခ) ဦးမောင်မောင်၊ ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်၊ မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်၊ မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် နှင့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်တို့က အဆိုအား ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
အဆိုကို ထောက်ခံဆွေးနွေးခဲ့သူ ရသေ့တောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က “ အရင်က တင်ဒါတွေကို တင်ဒါခေါ်ယူတဲ့ နေရာမှာ ချက်ချင်း မဆုံးဖြတ်ဘဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကပ်ဘိနက်ကို တင်ပြပြီး ကပ်ဘိနပ်က ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒီဦးအောင်ကျော်ထွီး အဆို အောင်မြင်သွားတဲ့ အတွက် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့် အညီတင်ဒါ ခေါ်ယူတဲ့ နေရာမှာဘဲ ဘယ်သူ အောင်တယ်၊ မအောင်ဘူးဆိုတာကို တစ်ခါတည်း ဆုံးဖြတ်ကျေညာရမှာ ဖြစ်ပါတယ်။ တင်ဒါဆွဲသူတွေရဲ့ ရှေ့မှောက်မှာေကျေညာရမှာ ဖြစ်တဲ့ အတွက် အားလုံးအတွက် ရှင်းရှင်းလင်းလင်းနဲ့ ပွင့်လင်းမြင်သာမှု ရှိသွားမှာ ဖြစ်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
ယင်းအဆိုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက အဆိုနှင့်ပတ်သက်၍ အမြင်သဘောထားကို ဆွေးနွေးပြီး အဆိုကို မှတ်တမ်း တင်ရန် အဆိုပြုခဲ့သည်။







