ဗြိတိန်သံအမတ်ကြီး စစ်တွေအခြေစိုက် သတင်းသမားများနှင့် တွေ့ဆုံ

ဗြိတိန်သံအမတ်ကြီး စစ်တွေအခြေစိုက် သတင်းသမားများနှင့် တွေ့ဆုံ
by -
စံမောင်သန်း

ဗြိဒိန်သံအမတ် Dan Chugg ဒန်ချပ်(ခ်) သည် ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် သတင်း သမားများနှင့် ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီခွဲမှ ည ၇ နရီခွဲထိ စစ်တွေမြို့ စစ်တွေ ဟိုတယ်တွင် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် အခြေစိုက် Narinjara ၊ DVB ၊ DMG ၊ Irrawaddy ၊ Rakhine Hluttaw Journal မှ သတင်းသမားများ တက်ရောက်ခဲ့ကြသည်။

ယခု ရခိုင်ပြည်နယ် ခရီးစဉ်သည် သူ့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ဖြစ် ၃ လကြာ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် လာရောက်လည်ပတ်သော ခရီးစဉ်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်နေသော လုပ်ငန်း စီမံကိန်းများကို မီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ လှူဒါန်းထားပြီး ထိုလှူဒါန်းငွေ၏ ၄ ပုံ ၁ ပုံဖြစ်သည့် သန်း ၅၀ ကို ရခိုင်ပြည်နယ်၏ ကျန်းမာရေး၊ ပညာရေး၊ အစာအဟာရဖူလုံရေး၊ အသေးစားချေးငွေနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများတွင် လူမျိုးဘာသာ မခွဲခြားဘဲ ကူညီထောက်ပံ့ပေးနေသည်ဟုဆိုသည်။

“ကျနော်တို့ရဲ့ အကူအညီ လုပ်ငန်းတွေကို လုပ်ဆောင်တဲ့အခါမှာ အသေးစားလုပ်ငန်းတွေကိုသာ ဗြိတိန်အစိုးရရဲ့ လုပ်ငန်းအနေနဲ့ တိုက်ရိုက် လုပ်ကိုင်နေပြီးတော့ လုပ်ငန်းအများစုကိုတော့ LIFT နဲ့ 3 MDG တို့ကတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်”ဟု ဗြိတိန်သံအမတ်ကပြောသည်။

ယင်းသို့ ကူညီလုပ်ကိုင်ဆောင်ရွက်နေရာတွင် လယ်ယာလုပ်ငန်းတွင် လယ်မြေထဲသို့ ဆားငန်ရေ မဝင်ရောက်စေရန် တာတမံများ လုပ်ဆောင်နေရာတွင် လယ်ဧက ၁၅၀၀၀ ဧကကို ကာမိ စေနိုင်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး၊ အသေးစားချေးငွေလုပ်ငန်းတွင် လူပေါင်း ၃၆၀၀၀၀ အတွက် အသေးစားချေးငွေများကို ထုတ်ပေးထားသည်ဟု သိရသည်။

“အသေးစားချေးငွေ လုပ်ငန်းကို အကောင်အထည်ဖော်တဲ့နေရာမှာ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးကို ဆောင်ရွက်နေပြီးတော့ မိသားစုတစ်စုအတွက် ချေးငွေကို အမေရိကန်ဒေါ်လာ ၅၀ ကနေ ၅၀၀ ထိ ထုတ်ချေးနေပါတယ်”ဟု သံအမတ်ကြီးက ပြောသည်။

ယင်းအပြင် လယ်သမားများဘဝ မြင့်မားလာစေရေးအတွက် လယ်သမားများကို ချေးငွေ ထုတ်ချေးခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ကိုယ်ဝန် ၃ လမှ ကလေးမွေးပြီး ၂ နှစ်သား အရွယ်ထိ ရက် ၁၀၀၀ ကန်ပိန်းအနေဖြင့် ထောက်ပ့ံကူညီနေသည်ဟု ဆိုသည်။

“မိခင်နဲ့ကလေး ကျန်းမာရေးစောင့်ရှောက်ရေးအတွက် အကောင်အထည်ဖော်နေတဲ့ ပေါက်တော မြို့နယ် ပြွန်ခေါင်ကျေးရွာကို မနေ့က ကျနော်ကိုယ်တိုင် သွားရောက် လေ့လာခဲ့ပါတယ်။ အမျိုးသမီး တစ်ဦးက ပြောတာကတော့ မိခင်နဲ့ကလေး အတွက် ကျန်းမာရေး စောင့်ရှောက်မှုကို သူမရဲ့ ဒုတိယကလေးအတွက် ရရှိခဲ့ပြီး၊ အဲ့ဒီဒုတိယ ကလေးဟာ အစာအဟာရ ပြည့်ဝတဲ့အတွက် ပထမကလေးထက် ပိုသန်စွမ်းတယ်၊ ပိုအရပ်ရှည်တယ်၊ ဉာဏ်ရည် ဖွံ့ဖြိုးမှု ပိုကောင်းတယ်လို့ ပြောပြပါတယ်”ဟု ဗြိတိန်သံအမတ်က ဆိုသည်။

လယ်သမားများအတွက် ချေးငွေထုတ်ချေးငွေဖြင့် လယ်သမားများသည် စက်ယန္တရားများကို ဝယ်ယူ နိုင်ပြီး၊ လက်ခံရရှိသည့် စက်ယန္တရားဖြင့် သူ၏ကိုယ်ပိုင်လုပ်ငန်းအပြင် အခြား လယ်သမား များ၏ လုပ်ငန်းများကိုလည်း အထောက်အကူပြုစေနိုင်သည်ဟု ပြောဆိုသည်။

“ရခိုင်နဲ့ ဗြိတိန်ဟာ မိတ်ဆွေတွေ ဖြစ်ကြပါတယ်။ ရခိုင်ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးတဲ့ဘဝက လွတ်မြောက်စေဖို့အတွက် ဗြိတိန်အနေနဲ့ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ နောက်ထပ် အကူအညီတွေ လိုအပ်မယ်ဆိုရင်လည်း ဗြိတိန်အနေနဲ့ လုပ်ငန်း တိုးချဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ အစိုးရက နယ်မြေဒေသတွေကို တိုးချဲ့ခွင့်ပြုမယ်ဆိုရင် ပိုပြီးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု သံအမတ်ကြီးက ဆိုသည်။

နှစ်ပေါင်း ၁၅၀ ကျော်ကြာမြင့်နေပြီဖြစ်သည့် စစ်တွေပြည်သူ့ဆေးရုံကြီး ပြန်လည်မွန်းမံခြင်းနှင့် အဆောင်တိုးချဲ့ဆောင်ရွက်သည့်လုပ်ငန်းများတွင်လည်း ဗြိတိန်အနေဖြင့် ကူညီထားပြီး စစ်တွေ ဆေးရုံကြီး ပြုပြင်မွန်းမံ တည်ဆောက်ရေးလုပ်ငန်းများကို သံအမတ်ကြီးကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့သည်ဟု သိရသည်။

ယခုရခိုင်ပြည်နယ် ခရီးစဉ်သည် ၄ ရက်တာ လည်ပတ်သည့်ခရီးစဉ်ဖြစ်ပြီး မနက်ဖန်တွင် မောင်တောသို့ သွားရောက်မည်ဖြစ်ကာ သောကြာနေ့ နေ့လယ်တွင် စစ်တွေမှ ရန်ကုန်သို့ ထွက်ခွာသွားမည်ဟု သိရသည်။

“ဒီခရီးစဉ်မှာ ရခိုင်ဒေသခံတွေရဲ့ ဆင်းရဲမွဲတေ ကြပ်တည်းမှုတွေကို ကျနော်ကိုယ်တိုင် မြင်တွေ့ ခဲ့ရပါတယ်။ ဒေသခံ ရခိုင်ပြည်သူတွေအနေနဲ့ ကျနော့်ကို နွေးထွေးပျူငှာစွာ ကြိုဆိုကြပါတယ်။ ရခိုင်ပြည်နယ်ဟာဆိုရင် သာယာလှပတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်”ဟု သံအမတ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

နောက်လာမည့် ရက်သတ္တအနည်းငယ်အတွင်းတွင်လည်း ဗြိတိန်နိုင်ငံမှ ထိပ်ပိုင်းအရာရှိတစ်ဦး ရခိုင်ပြည်နယ်သို့ လာရောက်ကွင်းဆင်းလေ့လာဦးမည်ဖြစ်ပြီး သူ့ခရီးစဉ်တွင်လည်း ဒေသ အခြေစိုက် မီဒီယာများနှင့် ရင်းနှီးပျူငှာစွာ ဆက်ဆံရန် အကြံပြုပြောကြားသွားမည်ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...