စစ်တွေအခြေစိုက်လူမှုအဖွဲ့အစည်းများမှ မွန်၊ကရင်နှင့်ပဲခူး ရေဘေးသင့်ပြည်သူများကို ကျပ်သိန်း ၃၀၀ ခန့် သွားရောက်ကူညီ

စစ်တွေအခြေစိုက်လူမှုအဖွဲ့အစည်းများမှ မွန်၊ကရင်နှင့်ပဲခူး ရေဘေးသင့်ပြည်သူများကို ကျပ်သိန်း ၃၀၀ ခန့် သွားရောက်ကူညီ
by -
စံမောင်သန်း
ဓာတ်ပုံ- ရခိုင်မှ ရဟန်းတော်များနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်တိုင်သွားရောက်ကူညီနေကြစဉ်
ဓာတ်ပုံ- ရခိုင်မှ ရဟန်းတော်များနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်တိုင်သွားရောက်ကူညီနေကြစဉ်

စစ်တွေမြို့အခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက ကမကထပြုလုပ်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းရှိ ရေဘေးသင့် ပြည်သူများအား သြဂုတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ အကူအညီများ ကိုယ်တိုင်သွားရောက် ပေးအပ်ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၃၀၀ နီးပါးခန့် ကူညီထောက်ပံ့နိုင်ခဲ့သည်ဟု သတင်းရရှိသည်။

စစ်တွေမြို့ လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီတွင် စစ်တွေမြို့ပေါ်ရှိ လူမှုအဖွဲ့ အစည်းများ ထည့်ဝင်ငွေ၊ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်လှူဒါန်းငွေ ကျပ်သိန်း ၁၂၀ ကျော်၊ စစ်တွေမြို့ ကျောင်းထိုင်ဆရာတော်များ သာရေးနာရေးအသင်းတွင် ကျပ်သိန်း ၁၃၀၊ ကျောက်တော်မြို့နယ် လှူမှုအဖွဲ့အစည်းများမှ လှူဒါန်းငွေ ကျပ်သိန်း ၃၀ တို့ပါဝင်ကြောင်း သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ ဒုက္ခရောက်ကြရင် ပြည်ထောင်စု တစ်ဝှမ်းက တိုင်းရင်းသားဒေသတွေက လာရောက် ကူညီခဲ့ကြတယ်။ အခု မွန်နဲ့ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းက တိုင်းရင်းသား ညီအကိုတွေ ဒုက္ခရောက်နေတဲ့အချိန် ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ သွားရောက် အကူအညီပေးတာဖြစ်ပါတယ်"ဟု စစ်တွေမြို့ ရခိုင် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် ဦးစိုးနိုင်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ခရီးစဉ်အတွင်း စစ်တွေမြို့ လူမှုအဖွဲ့အစည်းကိုယ်စားပြု ကော်မတီအဖွဲ့ဝင်များ၊ စစ်တွေမြို့ ကျောင်းထိုင်ဆရာတော်များ သာရေးနာရေးအသင်းမှ အဖွဲ့ဝင် ဆရာတော်ကြီးများလည်း ကိုယ်တိုင် လိုက်ပါသွားခဲ့ကြသည်ဟု သိရသည်။

ခရီးလမ်းကြောင်းအတွက် ရခိုင်လူမှုအဖွဲ့အစည်းများ ရန်ကုန်မှ ကိုယ်စားလှယ်များကလည်း လိုက်ပါကူညီခဲ့ကြသည်ဟု သိရသည်။

မိမိတို့ရခိုင်ပြည်နယ်သို့ အခြားဒေသများမှ ကူညီသလိုမျိုး အမြောက်အများ မိမိတို့က တုန့်ပြန် မကူညီနိုင်ကြသော်လည်း ရခိုင်ပြည်သူများက တတ်နိုင်သလောက် အကူအညီထည့်ဝင်ပြီး အခြားတိုင်းရင်းသားများအပေါ် ကူညီလိုသည့် ဆန္ဒကို ပြလိုခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါဒေသသို့ အကူအညီသွားပေးနေစဉ်အတွင်းတွင်လည်း ထပ်မံ လှူဒါန်းခဲ့ကြသည့် ဆရာဆရာမများမှ စုပေါင်းလှူဒါန်းငွေ ၇ သိန်းကျပ်၊ စင်္ကာပူရောက် ရခိုင်များမှ ၁ သိန်းကျပ်၊ စေတနာညကျောင်း ဖွင့်လှစ် ထားသူ ဆရာမဒေါ်ကျော့သာစိန်မှ ၁ သိန်းကျပ်နှင့် လှူဒါန်းပြီးသား စေတနာရှင် တစ်ဦးမှလည်း နောက်ထပ် ငွေ ၅ သောင်းကျပ် လှူဒါန်းခဲ့သည်ဟု သိရသည်။

အလှူကောက်ခံရှိသည့် ငွေသားများဖြင့် လှူဒါန်းမည့် နေရာသို့ရောက်ရှိမှသာ ဆန်၊ ဆီ၊ ဆား စသည့် အခြေခံရိက္ဓာများကို ဝယ်ယူ၍ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ကရင်ပြည်နယ်မှာဆိုရင် အခုထိ ရေမကျသေးဖြစ်နေပြီးတော့ သွားလာတဲ့ နေရာမှာ လှေတို့ စက်လှေတို့ကို အသုံးပြုနေရတုန်းပါ။ ဒီလိုမျိုး သွားရလာရ ခက်ခဲတဲ့နေရာကို ကိုယ်တိုင် သွားရောက် ကူညီခဲ့ရတဲ့အတွက်လည်း အထူး ဝမ်းသာပီတိဖြစ်မိပါတယ်"ဟု ကယ်ဆယ်ရေး သွားပေးရာတွင် ကိုယ်တိုင်လိုက်ပါခဲ့သည့် စာရေဆရာ၊ ရခိုင်ဟာသသရုပ်ဆောင် ဦးဗဂျီးကျော်က ပြောသည်။

ကရင်ပြည်နယ်ရှိ ကဇိုင်းကျေးရွာမှာ ရေလွှမ်းမိုးမှုကို ခံနေရဆဲဖြစ်ပြီး သွားလာရခက်ခဲသည့် ကျေးရွာတစ်ရွာဖြစ်ပြီး သူတို့ကျေးရွာသို့ ပထမဦးဆုံးအကြိမ် အကူအညီလာပေးကြသူများမှာ ရခိုင်လူမျိုးများဖြစ်၍ အထူးဝမ်းသာကြောင်း အလှူလက်ခံရှိသည့် ကျေးရွာသားများက ပြောကြားသိဟု သိရသည်။

"ရခိုင်မှာ စစ်ဘေး၊ ရေဘေးတွေ ကျရောက်တဲ့အခါ အခြားတိုင်းနဲ့ပြည်နယ်က တိုင်းရင်းသားတွေ လာကူညီကြတယ်။ သူတို့မှာ ဒုက္ခကျရောက်တဲ့အချိန်မှာလည်း ကျနော်တို့က ကျေးဇူးဆပ်ပြီး မေတ္တာကို ပြသတဲ့လှူဒါန်းခြင်းမျိုးဖြစ်ပါတယ်"ဟု ဦးဗဂျီးကျော်က ပြောသည်။

ယင်းသို့သွားရောက်ကူညီနိုင်ရန် အလှူငွေထည့်ဝင်ခဲ့ကြသည့် မိဘပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အကူအညီကောက်ခံရာတွင် သီဆိုမှုများဖြင့်ပါဝင်ခဲ့ကြသည့် ရခိုင်ကျောင်းသား သမဂ္ဂနှင့် ရခိုင်လူငယ်များကို အထူးကျေးဇူးတင်ရှိကြောင်း၊ ယခုကဲ့သို့ ပူးပေါင်း လုပ်ဆောင်ခြင်းသည် ရခိုင်လူမျိုးတို့၏ စည်းလုံးညီညွတ်ရေးလက္ခဏာဖြစ်သည်ဟု ဦးစိုးနိုင်က ပြောကြားသည်။

စစ်တွေမြို့ လူမှုအဖွဲ့အစည်းအများကိုယ်စားပြုကော်မတီမှ အကူအညီပေးခဲ့သလို သင်္ဂဟကမ်းလက် ရက္ခတိအဖွဲ့၊ ရခိုင်လူမှုအဖွဲ့အစည်းများ(ရန်ကုန်)၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် တောင်ကုတ်မြို့နယ်မှ လူမှုအဖွဲ့အစည်း များကလည်း တိုင်းရင်းသားဒေသများရှိ ရေဘေးသင့် ပြည်သူများသို့ သွားရောက် အကူအညီပေးခဲ့ကြသည်ဟု သိရှိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...