လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော်နေရာ အတွက် ပါတီ ၃ ခုမှ ကိုယ်စားလှယ် ၃ ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်သွင်းခဲ့သည်ဟု သတင်းရရှိသည်။
ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ရခိုင်အမျိုးသားပါတီမှ ဦးမောင်လှမြင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးခင်သန်းမောင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးသိန်းမောင်နှင့် တစ်သီးပုဂ္ဂလ ဦးတင်မောင်ဝင်း (ဒေါက်တာအေးမောင်သား) တို့ ဖြစ်ကြောင်း စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးခင်မောင်ဦးက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။
“ ဇူလိူင်လ ၂ ရက်နေ့ကနေ နောက်ဆုံး ၁၁ ရက်နေ့ထိ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လျှောက်လွှာတင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်အတွက် ၄ ဦးသာ အမည်စာရင်းတင်သွင်းပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီက ကတော့ လျှောက်လွှာတင်တာမရှိပါဘူး” ဟု ဦးခင်မောင်ဦးက ပြောသည်။
ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရခိုင်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေသို့ နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အတည်ပြု ပြောဆိုသည်။
“ အဓိကတော့ ပြည်နယ်တွေမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကို ရှိစေချင်တဲ့ အတွက် ပြည်နယ် လွှတ်တော် နေရာတွေမှာ ဝင်ရောက် မယှဉ်ပြိုင်ဖို့ ပါတီက ဆုံးဖြတ် ထားပါတယ်။ ဒီအတွက် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်နေရာမှ ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ပါ” ဟု ဒေါက်တာ စန်းရွှေက ပြောကြားသည်။







