"NCA ထိုးဖို့၊ မထိုးဖို့ဆိုတာ ပြောဖို့ စောပါသေးတယ်"’ ဗိုလ်ချုပ်ဂွန်မော်

"NCA ထိုးဖို့၊ မထိုးဖို့ဆိုတာ ပြောဖို့ စောပါသေးတယ်"’ ဗိုလ်ချုပ်ဂွန်မော်
by -
ဇေယျာမော်
ဓာတ်ပုံ - AFP
ဓာတ်ပုံ - AFP

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံ တတိယအကြိမ်အစည်းအဝေးတက်ရောက်လာတဲ့ KIO မှ ဗိုလ်ချုပ် ဂွန်မော်နဲ့ မီဒီယာများ တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

မေး။ နိုင်ငံတော်အတိုင်ပင်ခံနဲ့တွေ့ဆုံဆွေးနွေးမှုက ဘယ်လိုရှိပါသလဲ။

ဖြေ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီမှာ ဝအဖွဲ့ရယ် SSPP ရယ် မိုင်းလားရယ် ကျွန်တေ်ာတို့ KIOရယ်  သူတို့သုံးဖွဲ့ကလည်း နှစ်ယောက်ဆီ၊ ကျွန်တော်တို့ KIO ကလည်း နှစ်ယောက် အလွတ်သဘော တွေ့ဆုံတဲ့ သဘောမျိုးနဲ့ သွားတွေ့တာပါ။ အဓိကက တော့ ကျွန်တော်တို့ဘက်က FPNCC ဘက်က အရင်တင်ထားတဲ့ စာတမ်းအပေါ်မှာ ဆက်ပြီး ဆွေးနွေးချင်တဲ့ အကြောင်းကို ကျွန်တော်တို့က ပြောပါတယ်။ ပြီးတော့ အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အမ်းက ဦးစီးပြီးတော့ NCA အပေါ်မှာ ထားရှိတဲ့ တချို့သဘောထားတွေကို တင်ပြတာဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သူတို့ဘက်က သဘောထားတွေတချို့ကို ကျွန်တော်တို့ကို ပြန်ပြီး ရှင်းပြပါတယ်။ အဲဒီလောက်ပါပဲ။ အခြားအထွေအထူး ဆွေးနွေးပွဲတော့ မရှိပါဘူး။

မေး။ အတိုင်ပင်ခံအနေနဲ့ FPNCC ကို လက်ခံတဲ့ သဘောလား။

ဖြေ။ အဲဒီလို မဟုတ်ပါဘူး။ FPNCC ကို လက်ခံတယ်၊ လက်မခံဘူး ဆိုတဲ့ သဘောမဟုတ်ဘဲနဲ့ ကျွန်တော်တို့ ရောက်လာတဲ့ အဖွဲ့တွေကို တွေ့တဲ့ သဘောပဲဖြစ်ပါတယ်။ FPNCC ကို လက်ခံသလား လက်မခံဘူးလားဆိုတဲ့ ခေါင်းစဉ်ပိုင်းကို ကျွန်တော်တို့ ဆွေးနွေးတာ မဟုတ်ပါဘူး။

မေး။ ။ NCA ထိုးဖို့ ဘယ်လောက်အတိုင်းအတာထိ စဉ်းစားထားပြီလဲ။

ဖြေ။ ။ အခု အချိန်မှာ ထိုးဖို့၊ မထိုးဖို့ဆိုတာ ပြောဖို့ စောပါသေး။ ဘာပဲ ဖြစ်ဖြစ် ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

မေး။ လာတဲ့အပေါ် သဘောထားမှတ်ချက်ပေးပါဦး။

ဖြေ။ ။ အခုလာတာက တစ်ဖက်နဲ့ တစ်ဖက် တွေ့ဆုံကြတာပေါ့။ ပြီးတော့ ဒီ ၂၁ရာစုပင်လုံ အစည်းအဝေးကို လာတယ်ဆိုတာကလည်း ဖိတ်တဲ့လူကလည်း အပြန်အလှန်အသိအမှတ်ပြုတယ်။ ပြီးရင် ကျွန်တော်တို့ တက်ရောက်တဲ့အဖွဲ့တွေကလည်း အသိအမှတ်ပြုတဲ့ သဘောမျိုးလာတာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆွေးနွေးပွဲတွေဟာ သူ့အစီအစဉ်နဲ့ သူ စနစ်တကျ သွားနေတဲ့ အစည်းအဝေးလို မဟုတ်ဘဲ အခြားအချိန်တစ်ခုမှာ ဆွေးနွေးသင့်တယ်လို့ အပြန်အလှန် မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။ ဘယ်လိုလုပ်မလဲ ဆိုတဲ့အပိုင်းကတော့ ပြန်သီးသန့်ဆွေးနွေးဖို့ ဖြစ်ပါတယ်။

မေး။ ။ ကချင်မှာက နှစ်နဲ့ချီပြီးစစ်ရေးအခြေအနေဆိုးနေတော့ အဲဒီအခြေအနေတွေ ပြောဖြစ်လား။

ဖြေ။ ။ ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း အဲဒီ ကိစ္စတွေ မပြောပါဘူး။ အခုပြောတဲ့ချိတ်ဆက်မှု တစ်ခုကို လုပ်ဖို့လိုတယ်ဆိုတဲ့အပိုင်းပဲ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ကြိမ်က ကျွန်တော်တို့ ကေအိုင်အိုရဲ့ အရေးကို ပြောဖို့ သီးသန့်မဟုတ်ဘဲနဲ့ ခုနစ်ဖွဲ့လုံးရဲ့ အရေးကို ပြောတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီကိစ္စတွေ မဆွေးနွေးပါဘူး။ ကျွန်တော်တို့ကတော့ အကောင်းဆုံးလုပ်သွားမှာပေါ့။ ကျွန်တော်တို့ ပြည်နယ်အတွက်ရော ၊ ကချင်တွေအတွက်ရော အကုန်လုံးအကောင်းဆုံးဆွေးနွေးသွားမှာဖြစ်ပါတယ်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...