နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စား မိန့်ခွန်းပြောခွင့်ရသည့် ရခိုင်ပါတီဒုဥက္ကဋ္ဌက အစိုးရကို အပြင်းအထန်ဝေဖန်

နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စား မိန့်ခွန်းပြောခွင့်ရသည့် ရခိုင်ပါတီဒုဥက္ကဋ္ဌက အစိုးရကို အပြင်းအထန်ဝေဖန်
ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်
ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်

ပြည်နယ်နှင့် ပြည်မ အကြား ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း၊ ဗဟိုချုပ်ကိုင်မှု တင်းကြပ်ခြင်းနှင့် အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းခြင်းတို့နှင့် ပတ်သက်၍ အစိုးရအား နိုင်ငံရေးပါတီ အစုအဖွဲ့များ ကိုယ်စား၊ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပင်လုံညီလာခံအတွင်း ၎င်းပြောကြားခဲ့သည့် မိန့်ခွန်းတွင် ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

“ပြည်နယ်များနှင့် ပြည်မအကြား ဖွံ့ဖြိုးတိုးတက်မှု မညီမျှတာ ဗဟိုချုပ်ကိုင်မှု တင်းကြပ်တာ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်း တာတွေကြောင့် ဗမာနှင့် တခြားတိုင်းရင်းသား တွေအကြား ယုံကြည်မှု အားနည်းချက်တွေ ဖြစ်ပေါ်လာရတယ်လို့ ကျွန်မ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကျင်းပနေသည့် ၂၁ ရာစု ပင်လုံ ညီလာခံ တတိယအကြိမ်အစည်းအဝေးတွင် နိုင်ငံရေးပါတီများကိုယ်စား မိန့်ခွန်းပြောကြား ခဲ့ရာ၌ ဒေါ်အေးနုစိန်က အထက်ပါအတိုင်း ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ 

“တိုင်းရင်းသား အင်အားစုတွေကို သဘောထား ကျဉ်းမြောင်းသူတွေ အစွန်းရောက် သူတွေလို့ မမှတ်ယူ သင့်ပါဘူး။ ဗမာပါတီ ကြီးတွေ အပါအဝင် ခိုင်မာစွာ တည်ဆောက် ထားတဲ့ တပ်မတော်ရဲ့ သဘောထား ကြီးမှုကို ကျွှန်မတို့ မျှော်လင့် ချင်ပါတယ်၊ သဘောထား ကြီးမှုတွေ အောက်မှာမှ သဘောထား ကျဉ်းမြောင်း မှုတွေဟာ မှုန်ဝါး ပျောက်ကွယ် သွားရစမြဲ ဖြစ်ပါတယ်” ဟု ဒေါ်အေး နုစိန်က ဆက်လက် ဝေဖန် ခဲ့သည်။

ထို့ပြင် အစိုးရ အနေဖြင့် ရခိုင်အရေးကို ကိုင်တွယ် ဖြေရှင်းရာ၌ ဒေသခံ ရခိုင်လူမျိုးတို့၏ အသံအား နားထောင်ရန်နှင့် ရခိုင်လူမျိုးတို့၏ နိုင်ငံရေး အခန်းကဏ္ဍအားလည်း မပစ်ပယ်ရန် တိုက်တွန်း ပြောကြား သွားခဲ့သည်။ 

သို့သော်လည်း ထိုပြောကြားချက်များသည် နိုင်ငံရေး ပါတီ အစုအဖွဲ့၏ သဘောထား အမြင်များအား ကိုယ်စား ပြုခြင်း မရှိကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က မွန်းလွဲပိုင်း အစီအစဉ်တွင် တုံ့ပြန် ပြောကြား ခဲ့သည်။

“ဦးအောင်ကြည်ညွှန့် ပြောတဲ့ သဘောက ဒါဟာ နိုင်ငံရေးပါတီ တွေရဲ့ အမြင်ကို ကိုယ်စားပြုတာ မဟုတ်တဲ့ အကြောင်းကို ပြန်ရှင်းပြ တာပေါ့ ၊ ဒေါ်အေးနုစိန် ပြောတဲ့ ကိစ္စတွေက အဖြစ်အပျက်အရ မှန်ချင် မှန်ပေမယ့် ဒီအချိန်၊ ဒီနေရာမှာ မပြောသင့်ဘူး ဆိုတာမျိုး၊ တိုင်းရင်သားနဲ့ နိုင်ငံရေး ပါတီတွေကို ကိုယ်စားပြုမယ့် အကြောင်း အရာတွေကို ပြောဆို သင့်တယ်လို့ ဝေဖန်ကြတာတော့ ရှိတာပေါ့” ဟု ညီလာခံအား တက်ရောက် နေသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ နည်းပညာ အထောက်အကူပြု အဖွဲ့မှ ကိုမင်းမင်းလတ်က ပြောသည်။ 

၂၁ ရာစု ပင်လုံ ညီလာခံ တတိယအကြိမ် အစည်းအဝေးအား ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ ၁၆ ရက်နေ့ အထိ နေပြည်တော်တွင် ကျင်းပလျက် ရှိနေသည်။ 

ညီလာခံအား တနိုင်ငံလုံး အပစ်အခတ် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင် များအပြင် အပစ်ရပ် လက်မှတ် ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များမှ ခေါင်းဆောင်များလည်း တက်ရောက် နေကြသည်။

 

Most read this week

ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...