လူထုဆန္ဒရယူနိုင်မှ ဘိလပ်မြေစက်ရုံဆောက်ပါဟု ကယား ဝန်ကြီးချုပ်ပြော

လူထုဆန္ဒရယူနိုင်မှ ဘိလပ်မြေစက်ရုံဆောက်ပါဟု ကယား ဝန်ကြီးချုပ်ပြော
by -
ခူးစိုးရယ်ဦး
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို (ဓါတ်ပုံ -Katarawaddy Times)
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို (ဓါတ်ပုံ -Katarawaddy Times)

ဒေသခံလူထုများ၏ ခွင့်ပြုချက် သဘောထားဆန္ဒများ ရယူနိုင်ပါက ဘိလပ်မြေစက်ရုံစီမံကိန်းကို ရင်းနှီးမြှုပ်နှံခွင့်ပြုပေးမည်ဟု ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

“ကျွန်တော်က ပြည်သူလောက် အာဏာမရှိဘူး၊ ပြည်သူသာ အာဏာအရှိဆုံး၊ ပြည်သူကိုသာ ရအောင် စည်းရုံးပါ။” ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

ကယားပြည်နယ် လွိုင်ကော်မြို့မှ ချိကယ်အုပ်စု ပကျဲကျေးရွာအနီးတွင် ရင်းနှီးမြုပ်နှံမှုအတွက် ဘိလပ်မြေစက်ရုံတည်ဆောက်လိုသည့် ကုမ္ပဏီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ဇွန်လ ၂၁ ရက်နေ့က ကယားပြည်နယ်အစိုးရရုံးတွင် ဆွေးနွေးစဉ် ၎င်းက ပြောကြားခဲ့သည်။

ကယားပြည်နယ် ချိကယ်ကျေးရွာတွင် အကောင်အထည်ဖေါ်ရန် လျာထားသည့် ဘိလပ်မြေစက်ရုံစီမံကိန်းအား ရင်းနှီးမြှုပ်နှံ ခွင့်ပြုပေးနိုင်ရန် ကုမ္ပဏီက ပြည်နယ်အစိုးရထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုုံးလုပ်နည်းများကို တာဝန်ရှိသူများက သိရှိလိုက်နာမှုရှိမှ အကြီးစားရင်းနှီးမြှုပ်နှံမှုများကို အကောင်အထည်ဖေါ်ရန် ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။

ဘိလပ်မြေစက်ရုံ ထူထောင်ပြီးလျှင် ပြည်သူလူထုအတွက် ရေ၊ မီး၊ လမ်း ၊ ကျန်းမာရေး၊ ပညာရေး ၊ စီးပွားရေးစသည့်ကို ကူညီဆောင်ရွက်ပေးသွားမည်ဟု ကုမ္ပဏီက အဆိုပြုကမ်းလှမ်းသည်။

ဘိလပ်မြေစက်ရုံစီမံကိန်းကို လက်ခံ၊ မခံ ပြည်သူလူထု၏ ဆန္ဒသဘောထားကို စစ်တမ်းကောက်ယူရန် မကြာခင် စတင်မည်ဟု ကုမ္ပဏီက ဆိုသည်။

စစ်တမ်းအတွက် ကုမ္ပဏီနှင့် အစိုးရဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသည်။

ဘိလပ်မြေစက်ရုံအတွက် အနီးအနားက ကျေးရွာများ၏ သဘောထားဆန္ဒကို ကောက်ယူကာ အသိပညာပေးခြင်းကို ကနဦး လုပ်စေချင်ကြောင်း ချိကယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလူရယ်က ပြောသည်။

“ပြည်သူအတွက် ဘာအကျိုးရှိမလဲ ပြီးတော့ ပြည်သူတွေအတွက် အကျိုးယုတ်စေမဲ့အရာ ရှိမရှိ၊ ပြည်သူတွေအတွက် ပိုအကျိုးရှိလာမလားဆိုတာကို လေ့လာသုံးသပ်ရမယ်။”ဟု ၎င်းက ပြောသည်။

“ဒီစီမံကိန်းကို လုပ်မယ်ဆိုတာ မသိဘူး။ ဒီအစည်းအဝေးကို ခေါ်မှဘဲ သိတယ်။”ဟု ၄င်းက ထပ်မံပြောပါသည်။

ယခင်နှစ်များက လွိုင်ကော်တွင် ဘိလပ်မြေစက်ရုံရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီများမှ တစ်ကြိမ်ထပ်မကသော ကြိုးပမ်းမှုများရှိခဲ့သော်လည်း ဒေသခံအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကန့်ကွက်မှုကြောင်း မအောင်မြင်ဖြစ်ခဲ့ရသည်။

ယမန်နှစ်ကလည်း ညီညာစွမ်းအားလုပ်ငန်းစုကုမ္ပဏီလီမိတက်( SPG- Square Power Group Company Limited )မှ ဘိလပ်မြေစက်ရုံ အကောင်အထည်ဖေါ်ရန် ပြန်လည်အစပြုခဲ့သော်လည်း ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်ထားသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...