မေလကုန်ပိုင်း၌ ပထမဆုံး ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်ကြောင့် ရခိုင်ပြည်နယ်တွင် လူ သုံးဦး၊ ဧရာဝတီတိုင်းတွင် နှစ်ဦး သေဆုံးခဲ့ပြီး နေရာ ဒေသအနံှံ့ရှိ လူနေအိမ် ၁,၄၀၀ ကျော် ထိခိုက် ပျက်စီးသွားခဲ့သည်။
ထိုမုန်တိုင်းငယ်သည် မြန်မာနိုင်ငံကို အနောက်တောင် မုတ်သုံလေ ဝင်ရောက်ပြီး ပထမဆုံး တိုက်ခိုက်ခဲ့သည့် မုန်တိုင်းဖြစ်သလို သတိပေး မုန်တိုင်းလည်း ဖြစ်ပေသည်။
ထို့အပြင် ယခု ဇွန်လ ပထမ ဆယ်ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်ကာ မုန်တိုင်းငယ်အဆင့်အထိ အားကောင်းလာနိုင်သဖြင့် ရေကြီးနစ်မြုပ်မှုဘေး သတိပြုရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပြန်၏။
ယခုနှစ်အတွင်း ဘင်္ဂလား ပင်လယ်အော်၌ ပထမဆုံးဖြစ် ပေါ်သော မုန်တိုင်းငယ်သည် မေ လ ၂၉ ရက် ည နှင့် ၃၀ ရက် နံနက်အစောပိုင်းက ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ပြီးနောက် အားပျော့ ပျက်ပြယ်သွားချိန်တွင် ဇွန်လ ၇ ရက်ခန့်က စကာ လေထုမတည် မငြိမ်ပြန်ဖြစ်လာနိုင်ပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း မိုးဇလကဆိုထားခြင်းပင်။
ထိုမုန်တိုင်းငယ်သည် အိန္ဒိယဘက်သို့ ဝင်ရောက်နိုင်သော်လည်း မြန်မာ့ကမ်းရိုးတန်းနှင့် နီးလျှင် မိုးရွာသွန်းမှု အားကောင်းလာနိုင်ပြီး ရေကြီးမှု၊ မြေပြိုမှုတို့ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။
မွန်ပြည်နယ်သည် မုတ္တမပင်လယ်ကွေ့နှင့် ထိတွေ့နေသော်လည်း မုန်တိုင်းကို မခံစားရဖူးသေးပါ။ သို့သော်လည်း လေပြင်းဒဏ်နှင့် ရေကြီးမူ ဘေးဒဏ်ကို ခံထားဖူးသည်။
၂၀၁၆ တွင်မူ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် ရေကြီးမှုကြောင့် ဒေသခံ ၁၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရသည့် အခြေအနေများလည်း ရှိခဲ့သည်။ လေပြင်းကြောင့်လည်း မော်လမြိုင်ရှိ သီရိမင်္ဂလာ ရပ်ကွက်၌ အိမ်ခြေ ၂၉ လုံး ပျက်စီးပြီး လူ ၁၀၀ ခန့် ဒုက္ခ ရောက်ဖူးသည်။
၂၀၁၇ တွင်လည်း မုန်တိုင်း အဖျားခတ်မှုကြောင့် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် သိန်း ၄၀၀၀ ကျော် ကုန်ကျခံ တည်ဆောက်ခဲ့သည့် ရေတား တမံမှာလည်း တစ်နှစ် မပြည့်မီ ပျက်စီးဖူး၏။
မွန်ပြည်နယ်သည် နှစ်စဉ် သဘာဝ ဘေးအန္တရာယ်များ ဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ လေဘေး၊ မိုးကြိုးဘေး တို့ကြောင့် လူသေဆုံးမှု ဖြစ်နေသည့်အခြေအနေပင်။
ယင်းကြောင့် သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုတွင် မွန်ပြည်နယ်သည်မည်မျှခရီးရောက်နေပါပြီနည်း။
ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သည့် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက အခုလို မှတ်ချက် ပြုသည်။
“ကျွန်တော်တို့ ဘက်ပေါင်းစုံက ကြိုတင်ပြင်ဆင်ထားတယ်၊ ကျွန်တော်တို့က မိုးလေဝသ သတင်းကို အစဉ်အမြဲ နားထောင် နေတယ်၊ ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက တစ်ဆင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို အစဉ်အမြဲ စောင့်ကြည့်သွားဖို့ မှာထားတယ်”ဟု ဆိုသည်။
ဘေးအန္တရာယ် ကျရောက်ပါက သုံးစွဲရန် ပြည်နယ် ရန်ပုံငွေ သိန်း ၂၀၀၀ ခန့် လျာထားပြီး ထိုငွေကို အရေးပေါ်ဖြစ်သည့် အခြေအနေမှ သုံးစွဲရန် ပြည်နယ် အစိုးရက ပြင်ဆင်ထားသည်။
ထို့အပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်ခံရသည့် ပြည်သူများကို တစ်ရက်လျှင် ၃၀၀ ကျပ် ထောက်ပံ့ရန်နှင့် နေအိမ်ပျက်စီး ဆုံးရှုံးမှုများကို အိမ်၏ တန်ဖိုးပေါ်မူတည်ပြီး ကျပ် တစ် သိန်းမှ နှစ် သိန်းအထိ ထောက်ပံ့ ပေးနေသည်ဟု ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့်နှစ်က မွန်ပြည်နယ်တွင် သဘာဝ ဘေးအန္တရာယ်ကြုံတွေ့ခဲ့သူများအတွက် ကျပ်သိန်း ၃၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ယင်းဌာန မှတ်တမ်းတွင် ဖော်ပြထားသည်။
နိုင်ငံတော်အဆင့်တွင်လည်း ယင်းကိစ္စကို မဆောင်ရွက်သည်တော့မဟုတ်။ မေ ၁၅ ရက်က နေပြည်တော်တွင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်ပြီး လုပ်ဆောင်ထားသည်။
ထိုအစည်းအဝေးတွင် ဒုသမ္မတက သဘာဝဘေးအား စီမံခန့်ခွဲရာတွင် Preparedness (ကြိုတင်ပြင်ဆင်မှု)၊ Response (တုံ့ပြန်မှု)၊ Recovery (ပြန်လည်ထူထောင်မှု) များကို အပိုင်းအလိုက် စနစ်ကျ ဆောင်ရွက်ရန် တိုက်တွန်း၏။
ယင်းနည်းတူ မွန်ပြည်နယ် အစိုးရက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရေကြီးနိုင်သည့် မြို့နယ်များ အပါအဝင် ကျေးရွာများတွင်လည်း ချောင်းမြောင်းဆယ်ယူခြင်းနှင့် တာတမံများကို တည်ဆောက်ထားသည်ဟု ဆိုထားသည်။
ထို့အပြင် ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ နှင့် ရန်ပုံငွေထိန်းသိမ်းရေး ကော်မတီ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီ၊ ရှာဖွေရေးနှင့် ထိန်းသိမ်းရေး ကော်မတီ၊ ပျက်စီးမှုပမာဏနှင့် အရေးပေါ် ထောက်ပံ့ရေးကော်မတီ အပါအဝင် ကော်မတီ ၁၀ ခု ကို ဖွဲ့စည်းထားသည်ဟူ၏။
သို့ဆိုလျှင် အများပြည်သူထံသို့ အချိန်မရွေးရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်အတွက် ကာယကံရှင်တို့နှင့် ပြည်နယ်အစိုးရက မည်မျှချိတ်ဆက်ဆောင်ရွက်နိုင်ပါပြီနည်း။
ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဇာတ်တိုက် လေ့ကျင့်ခန်းနှင့် ဆင့်ပွားသင်တန်းများကို သုံး လ တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ယခုနှစ်အတွင်း ငါး ကြိမ် ပြုလုပ်ထားကြောင်း ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြုုဖြုုအေးက ပြောသည်။
သင်တန်းများကို သဘာဝ ဘေးအန္တရာယ် အဖြစ်များသည့် ကျေးရွာများရှိ ဒေသခံများနှင့် ပူးပေါင်း ဖွင့်လှစ်ထားသည်ဟု ဆိုသည်။
“ဘိုဘိုဝင်း” အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ဦးဘိုဘိုဝင်းကမူ ယခုလို မှတ်ချက်ပြုထား၏။
“ဌာနဆိုင်ရာတွေက ဘေးတစ်ခုခုဖြစ်ရင် သူတို့ကနေ ကျွန်တော်တို့ကို ပြန်ပြီး အကြောင်းကြားတာတွေမရှိဘူး၊ ချိတ်ဆက်မှု တွေ အားနည်းတာရှိတယ်”ဟူ၍ဖြစ်ပါသည်။







