ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသားရဟန်းပျိုအဖွဲ့မှ ပေါက်တောမြို့တွင် အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်

ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသားရဟန်းပျိုအဖွဲ့မှ ပေါက်တောမြို့တွင် အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်
by -
စံမောင်သန်း

ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသားရဟန်းပျိုအဖွဲ့မှ ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ဧပြီလ ၂၆ နေ့က အင်္ဂလိပ်စာ သင်တန်းတစ်ခုကို စတင်ဖွင့်လှစ်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းသင်တန်းမှာ ၄၅ ရက်ကြာမြှင့်မည် ဖြစ်ပြီး သင်တန်းသား ၁၀၀ ကျော် တက်ရောက် သင်ကြားလျက်ရှိသည်ဟု သိရသည်။

“ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသား ရဟန်းပျိုအဖွဲ့က သင်ကြားပြသတဲ့ သင်တန်းပါ။ ဦးဇင်းကတော့ သင်တန်းဖြစ်မြောက်ရေးအတွက် စီစဉ်သူပါ။ သင်တန်းကတော့ ၈ တန်း အထက်ပါ။ ဘွဲ့ရတွေ၊ ကျောင်းဆရာတွေနဲ့ ရုံးဝန်ထမ်းတွေလည်း ပါပါတယ်။ အားလုံး စုစုပေါင်း ၁၀၀ ကျော်ပါ”ဟု ပေါက်တောမြို့ စန္ဒာရာမကျောင်းထိုင်ဆရာတော်က နိရဥ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

သင်တန်းကို နေရာအခက်အခဲနှင့် အရည်အချင်းအပေါ်တွင် မူတည်ပြီး ၃ အုပ်စုခွဲကာ ၃ ချိန်ပြသနေရသည်ဟု သိရသည်။

“မနက် ၈ နာရီက ၁၀ နာရီခွဲထိ တစ်ချိန်၊ နေ့လယ် ၁ နာရီကနေ ၃ နာရီခွဲထိ တစ်ချိန်နဲ့ ည ၇ နာရီကနေ ၉ နာရီခွဲထိတစ်ချိန်ကို ထိုင်းနိုင်ငံ မဟာကျူလာလင်ကွန်း ဗုဒ္ဓစာပေ တက္ကသိုလ်မှာ ပညာဆည်းပူးနေတဲ့ ဆရာတော် ၂ ပါးက ပြသနေတာဖြစ်ပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ပညာရေး အထောက်အကူ ပစ္စည်းများနှင့် ခရီးစရိတ်ကို ထိုင်းနိုင်ငံရောက် ရဟန်းပျိုအဖွဲ့မှ ကျခံပြီး၊ ကျန်ကုန်ကျစရိတ်များကို စန္ဒာရမကျောင်း ဆရာတော်နှင့် ဘဝအားမာန်စာကြည့်တိုက် လူငယ် အဖွဲ့မှ ကျခံသည်ဟုဆိုသည်။

“သင်တန်း ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ဒေသက ရခိုင်လူငယ် မောင်မယ်တွေ နိုင်ငံတကာ ပညာတစ်ရပ်ဖြစ်တဲ့ ဒီအင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် စွမ်းရည် မြင့်မြင့်မားမားနဲ့ တတ်မြောက်ဖို့အတွက်ပါ”ဟု ဆရာတော်က ပြောသည်။

ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသား ရဟန်းပျိုအဖွဲ့က ယခုနှစ်တွင် အလားတူ သင်တန်းမျိုးကို စစ်တွေ၊ ကျောက်တော်တို့တွင် သင်ကြားပို့ချလျက်ရှိသည်ဟု သိရသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...