ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့တွင် မဟာဗောဓိပင်အကိုင်းမှ ဗုဒ္ဓဆင်းတုတော်တစ်ဆူ ထူးခြားစွာထွက်ပေါ်နေ၍ လာရောက်ဖူးမျှော်သူ များပြားနေကြောင်း ဒေသခံများက နိရဥ္စရာသို့ပြောသည်။
အဆိုပါဗုဒ္ဓဆင်းတုတော်သည် မြပြင်ရပ်ကွက် မြရတနာဘုန်းကြီးကျောင်းဝင်းရှိဗုဒ္ဓဂါယာမှမျိုးယူထားသော မဟာဗောဓိပင်၏ ပေ ၂ ခန့်အမြင့် အကိုင်းအခက်ပေါ်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်ဇော်က ပြောသည်။
"အစတော့ အဲဒီအကိုင်းမှာ အက်ကွဲကြောင်းလေးပေါ်လာတယ်။ အဲဒီကနေတဆင့် ခန္ဓာ ကိုယ်အပေါ်ပိုင်း ၃ လက်မလောက်ပေါ်လာတာ။ ပထမတော့ အက်ကွဲကြောင်းမှာ တစ်ယောက်ယောက်က ဆင်းတုတော်ကိုထည့်ထားတာများလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် မဟုတ်ဘူး။ အဲဒီအကိုင်းရဲ့ အသားကနေ ဆင်းတုတော် ဖြစ်နေတာ။ တော်တော်လေးကို ထူးဆန်းတယ်ဗျ။"ဟု ဦးမြင့်ဇော်က နိရဥ္စရာသို့ ပြောသည်။
အဆိုပါဆင်းတုတော်သည် မြရတနာဆရာတော်ကြီး၏ သက်တော် ၉၃ နှစ်ပြည့်မွေးနေ့ဖြစ်သည့်ဧပြီလ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
"ဆရာတော်ကြီးကတော့ ဒီအတောအတွင်း တစ်ခုခုထူးခြားလိမ့်မယ်ဆိုပြီး မကြာမကြာ မိန့်ပါတယ်။ အဲဒီလိုမိန့်ပြီး မကြာဘူး။ အခုလို ထွက်ပေါ်လာတာပဲ"ဟု ဦးမြင့်ဇော်က ပြောသည်။
အဆိုပါဆင်းတုတော်မထွက်ပေါ်မီ ဧပြီ ၂၅ ရက်နေ့ညက ရပ်ကွက်အတွင်း အန္တရာယ်ကင်း ပရိတ်နာခဲ့ပြီး ဧပြီ ၂၆ ရက်နံနက်ပိုင်းတွင် ဆရာတော်ကြီး၏မွေးနေ့အခမ်းအနားနှင့် ပဋ္ဌာန်း တရားပွဲကို ပြုလုပ်ပြီးနောက် ညနေပိုင်းတွင် ဆင်းတုတော် ထွက်ပေါ်လာခြင်းဖြစ်ကြောင်းလည်း ရပ်ကွက်သားများက ဆိုသည်။
လက်ရှိတွင် အဆိုပါဆင်းတုတော်အား CCTV ဖြင့်ရိုက်ကာ ဘုရားဖူးပရိသတ်များအား TV ဖြင့် ပြသထားရကြောင်း သိရသည်။







