ဧပြီ၁ ၇ ရက်နေ့တွင် ကျရောက်သော နှစ်ဆန်း တစ်ရက်နေ့တွင် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေထောင်မှ လွတ်လာသူ ၈၇ ဦးရှိပြီး ယင်းအထဲတွင် နိုင်ငံရေး အကျဉ်းသား ၃ ဦးသာ ပါဝင်ကြောင်း သိရသည်။
ထိုသူများကို စစ်တွေ အကျဉ်းထောင်မှ နေ့လယ် ၂ နာရီခွဲကျော်တွင် လွတ်ပေးခဲ့ပြီး၊ ၎င်းတို့ အထဲတွင် မြောက်ဦးမြို့ မြတန်ဆောင်းကျောင်း ဆရာတော် ၊ ခိုင်နီမင်းနှင့် AA တပ်မတော်မှ ကိုထွန်းထွန်းနိုင်တို့ ၃ ဦးပါဝင်သည်ဟု သိရသည်။
“ဘာလုပ်ဖို့ စဉ်းစားထားလဲဆိုတော့ ဒီအတိုင်းပဲ ဆက်သွားရမှာပေါ့။ ဦးဇင်းတို့ နဂိုသွားနေတဲ့ လမ်းကြောင်းပဲ ဆက်သွားရမှာပေါ့။ ထောင်ကျတဲ့အတွက် ယုံကြည်ချက်ကို စွန့်လွတ်လိုက်ရတာ အဖြစ်မျိုးတော့ အဖြစ်ခံမှာ မဟုတ်ဘူး”ဟု မြတန်ဆောင်းကျောင်း ဆရာတော်က မီဒီယာများသို့ ပြောသည်။
ဆရာတော်က ဆက်လက်၍ “ခုနက ဦးဇင်းကိုလာပြောတယ်။ လွတ်ခါနီးပေါ့။ ၄၀၁ ဆိုတော့ ယုံကြည်ချက်ကို စွန့်လွှတ်ပြီးမှ ထောင်မှ ထွက်ရမယ်ဆိုရင်တော့ မထွက်ဘူးလို့ ပြောလိုက်တယ်။ လက်မှတ်ထိုးစရာ မလိုပါဘူးတဲ့ သူက ဒီအတိုင်းပဲ လွှတ်တာဆိုတော့ ထွက်လာတာပါ”ဟု ပြောသည်။
ဆရာတော်အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ပေးစေချင်ပြီး၊ စစ်တွေ ထောင်ထဲတွင် AA မှ တပ်ဖွဲ့ဝင်များ၊ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ကျန်ရှိ နေသေးသည်ဟု ဆိုသည်။
“စစ်တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ အဖမ်းခံထားရသူတွေကို လုပ်ဆောင်တာဟာ ဥပဒေကြောင်းအရ မမျှတဘူး။ စစ်တွေမှာ ဖြစ်တဲ့အမှုကို စစ်တွေ တရားရုံးက နေပြီးတော့ ရမန်ပိတ်သိမ်းလိုက်တာကို မြောက်ဦးမှာ သွားပြီး ရမန်ထပ်ယူပြီး ထပ်ချုပ်တာမျိုးကျတော့ ဥပဒေအရ တအားကြီး လက်လွတ် စပယ်နိုင်လွန်းအားကြီးတယ်။ မင်းမဲ့စရိုက် နိုင်လွန်အားကြီးတယ်လို့ ထင်တယ်”ဟု မြတန်ဆောင်း ဆရာတော်က ပြောသည်။
ယခု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးမှုတွင် တစ်နိုင်ငံလုံး၌ အကျဉ်းသူ အကျဉ်းသား ၈၄၉၀ ဦးပါဝင်ပြီး၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ အပိုဒ်ခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းဖြစ်သည်။-
၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့် ကဆုန်လဆန်း (၃) ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ် ၁၇/၂၀၁၈ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။







