လက်နက်ကြီးများကြောင့် ပိတ်မိနေသူများ ထပ်မံတိမ်းရှောင်နေရ

လက်နက်ကြီးများကြောင့် ပိတ်မိနေသူများ ထပ်မံတိမ်းရှောင်နေရ

တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲများကြားတွင် ပိတ်မိနေသည့် ကျေးရွာ ၃ ရွာမှ လူဦးရေ ၂၀၀၀ နီးပါးခန့် စစ်ဘေးလွှတ်ရာ ထပ်မံထွက်ပြေးနေရသည်ဟု ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

တနိုင်းဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ ဦးနော်တောင်က “တနိုင်းနဲ့ အောင်လော့ဒ်သွားတဲ့ လမ်းတကြောပေါ့။ ဇွပ်ပရာကျေးရွာ(နောင်ယန်း)၊ ဆွတ်ရိန််ယန်ကျေးရွာ၊ အောင်လော့ဒ်ကျေးရွာ ဒီတ ကြောမှာ ဖြစ်တာ။ ဒုက္ခသည်တွေက သူတို့နေတဲ့နေရာတွေကတောင် တထောက်ပြန် ရွှေ့ရတယ်လို့ပြောတယ်။ လက်နက်ကြီးတွေအရမ်းကျလာလို့ သူတို့ကြောက်လို့။ အခုကနဂို အောင်လော့ဒ် ကနေ ထပ်ပြီး ဘေးလွှတ်တဲ့နေရာပေါ့၊ ရှောင်ထားတဲ့နေရာကနေ တဆင့်ပြန်နေရာရွှေ့ရတဲ့ အဆင့်လို့ ပြောတယ်” ဟု ပြောသည်။

တိုက်ပွဲကြား ပိတ်မိနေသူများအား ဘာသာရေး အဖွဲ့အစည်းများမှ သွားရောက်ကယ်ထုတ်ပေးရန် အစိုးရ၊ ဒေသခံ အာဏာပိုင်များ၊ နယ်မြေခံတပ်များအား တောင်းဆိုထားသော်လည်း ယနေ့အချိန်ထိ တစုံတရာအကြောင်းပြန်ခြင်း မရှိဘူးဟု ဦးနော်တောင် က ပြောသည်။

ပိတ်မိနေသူများအား ကယ်ထုတ်ပေးရန် ဧပြီလ ၁၄ ရက်နေ့က ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် ဝန်ကြီးချုပ်ထံ လိပ်မူပြီး ထပ်မံတောင်းဆိုထားသည်ဟု ပြောသည်။

ဦးနော်တောင်က “သူတို့ရဲ့ အခက်အခဲကတော့ သွားရလာရတာအခက်အခဲရှိတယ်။ ဆန်ကလည်း တစ်ပြည်နှစ်ပြည်လောက်ပဲ ယူပြီးမှ ထွက်ပြေးရတယ်ဆိုတော့ စားဝတ်နေရေး ပြတ်သလောက်ဖြစ်လာတယ်။ နောက်ပြီးကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေအတွက်တော့ အရမ်းအခက်အခဲရှိတယ်လို့ပြောတယ်။ မကျန်းမမာတဲ့လူတွေလည်းရှိတယ်လို့ ဆက်သွယ်လာတယ်။ စာကတော့ ဝန်ကြီးချုပ်မှာလည်း တင်ထားတယ်။ ဘယ်သူမှ ကူညီပေးနိုင်တာ မရှိသေးဘူးဗျ။ မြို့ကနေလာပြီးမှ ဘယ်အဖွဲ့အစည်းမှ ကူညီပေးနေတယ်ဆိုတာလည်း မရှိသေးဘူး” ဟု ပြောသည်။

လက်ရှိအချိန်တွင် တနိုင်းမြို့နယ်အတွင်းရှိ အောင်လော့ဒ်ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပြီး ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များ မကြာခဏ ကျရောက်ပေါက်ကွဲသည့်အတွက် ဒေသခံများမှာ ကြောက်လန့်ကာ တောထဲသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်မှာ ရက်သတ္တပတ်ရှိပြီဖြစ်သည့်အတွက် အခက်အခဲအမျိုးမျိုး ကြုံနေရသည် ဟု ပြောသည်။

အဆိုပါ ကျေးရွာသုံးရွာမှ တနိုင်းမြို့ပေါ်သို့ ရောက်ရှိနေသည့် ဒုက္ခသည် ၂၀၀ ကျော်အတွက်လည်း စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု တနိုင်းဒေသခံတစ်ဦးက “တနိုင်း မြို့ပေါ်မှာလည်း ၈ ရက် ၉ ရက်နေ့ တနိုင်းကတ်သလစ် နှစ် ၅၀ ပြည့် ဂျူဗလီပွဲ ဘာသာရေးပွဲ ပါဝင်ရင်းနဲ့ တနိုင်းမြို့ပေါ် ရောက် နေတဲ့ ၂၁၈ ယောက် တော့ရှိတယ်။ သူတို့လည်း အခုထိ မပြန်နိုင်ဘူး။ တနိုင်းမြို့ပေါ်မှာပဲ သောင်တင် ပြီးနေနေတာ ရှိတယ်။ သူတို့ကိုတော့ ဘုရားကျောင်းမှာပဲ ယာယီခိုလှုံဖို့ သူတို့ကို ကူညီထားတာ ရှိပါ တယ်။ မိုးကာတဲလေးဆောက်ပြီးမှ ထားတယ်။ သူတို့အခက်အခဲ ကတော့ ပွဲလာတယ်ဆိုတော့ အဝတ်အစားကအစ အစားအသောက်ကအစပေါ့နော် မယူလာဘူး။ အားလုံးလို အပ်နေတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း ဧပြီလ ၅ ရက်နေ့က စတင်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ တိုက်ပွဲများ ကြောင့် ဒေသခံလူထုများ အသက်ဆုံးရှုံးမှုများ ရှိနေသည်။

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...