မုံးကိုးတိုက်ပွဲအတွင်း သတင်းထောက်များအား ကူညီသူ အသင်းတော် အမှုဆောင်များ ပြန်လည်လွတ်မြောက်

မုံးကိုးတိုက်ပွဲအတွင်း သတင်းထောက်များအား ကူညီသူ အသင်းတော် အမှုဆောင်များ ပြန်လည်လွတ်မြောက်

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း မြန်မာ့တပ်မတော်မှ ဖမ်းဆီးထောင်ချခံခဲ့ရသည့် မုံးကိုးဒေသခံ ကချင်နှစ်ခြင်း အသင်းတော် အမှုဆောင်နှစ်ဦးကို လားရှိုးမြို့ တရားရုံးက ဧပြီလ (၁၇) နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်မြောက်လာသည်။

၎င်းတို့နှစ်ဦးအား အမှုဖြစ်စဉ်ကာလအတွင်း လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးဘရန်ဒီးက “လားရှိုးထောင်ကနေ လွှတ်လာပါပြီ။ အခုပဲ ကျွန်တော်တို့နဲ့ အတူတူထမင်းစားနေပါတယ်။ ကျန်းမာရေးလည်းကောင်းတယ်။ နိုင်ငံတော်သမ္မတတစ်ယောက်နေနဲ့ လုပ်သင့်တာကို လုပ်ပေးတဲ့အပေါ် အများကြီးကျေးဇူးတင်ပါတယ်။ ညနေပိုင်း ၄ နာရီလောက်လွှတ်တယ်။ ထောင်ထဲမှာ ၁၆၂ ယောက် ဆိုတော့ ငါးယောက်တစ်သုတ်၊ နှစ်ယောက်တစ်သုတ်၊ ဆယ်ယောက်တစ်သုတ် အဲ့လိုလွှတ်တယ်” ဟု ပြောသည်။

ဦးဒွမ်ဒေါ့နောင်လတ် (ခေါ်) ဦးတီတီနောင်လတ်နှင့် ဦးလမ်းဂျော်ဂမ်ဆိုင်းတို့မှာ နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်၏ မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်၊ လူသားချင်းစာနာထောက်ထားမှုဖြင့် အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နုုိင်ငံသားအကျဉ်းသား/သူ (၈၄၉၀) ဦးအား လွတ်ငြိမ်း သက်သာခွင့်ပေးခံရသူများထဲမှ နှစ်ဦး ဖြစ်သည်။

အဆိုပါ ပုုဂ္ဂိုလ်နှစ်ဦးသည် မုံးကိုး တိုုက်ပွဲကာလအတွင်း သတင်းဌာနများအား အကူအညီပေးခဲ့သူများဖြစ်သည်။

ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ဒေါ်ခွန်ဂျာက “အခုလို လွှတ်လာတာကို အင်မတန်ဝမ်းသာပါတယ်။ ဒါပေမယ့် အစကတည်းက သူတို့နှစ်ဦးက လုံးဝမဖမ်းသင့်ဘူး။ ဦးတီတီနောင်လတ်တို့လုပ်ခဲ့တာက သတင်းမီဒီယာတွေကို ပံ့ပိုးတာနဲ့ သတင်းအမှန်ရရှိအောင် လုပ်ခဲ့တာပဲဖြစ်တယ်။ ဒီလိုမျိုး သတင်းမီဒီယာတွေကို ကူညီလို့ သတင်းမှန်တွေထွက်အောင်လုပ်လို့ ဖမ်းတယ်ဆိုတာက အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားတာပဲ ဖြစ်ပြီးတော့ သတင်းအရင်းမြစ်ကို ကြောက်အောင်ခြိမ်းခြောက်တာနဲ့ တူနေတယ်။ နောက်နောင်မှာ ဒီလိုမျိုး မဖမ်းတာအကောင်းဆုံးပဲ။ ဖမ်းပြီး ပြန်လွှတ်တာကို ကျေးဇူးတင်နေရမယ်ဆိုရင် အဆင်မပြေဘူးလေ” ဟု ပြောသည်။

ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့သည် မုံးကိုးမြို့ရှိ ကချင်နှစ် ခြင်းခရစ်ယာန် အသင်း တော်မှ အမှုတော်ဆောင်များဖြစ်ပြီး မုံးကိုး ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်သည် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ၏ လက်အောက်ရှိ အသင်းတော်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က လားရှိုးမြို့နယ် တရားရုံးမှ ဦးဒွမ်ဒေါ့နောင် လတ် (ခေါ်) ဦးတီတီနောင်လတ် အား မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ တပ်မတော်အား ဂုဏ်သရေ ညှိုးနွမ်းစေမှုဆိုင်ရာ ပြန်ဆက် ပုဒ်မ ၅၀၀၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ဖြင့် ထောင် ဒဏ် ၄ နှစ် ၃ လ ချမှတ်လိုက်ပြီး ဦးလမ်ဂျော်ဂမ်ဆိုင်းအား မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ တို့ဖြင့် ထောင်ဒဏ် ၂ နှစ် ၃ လ စီဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ ခြင်းဖြစ် သည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“ဒီနေ့လွှတ်ခဲ့တဲ့ထဲမှာ အကျဉ်းသား ၈၀၀၀ ကျော်ထဲမှာ ဒီနိုင်ငံရေးအကျဉ်းသား ၃၆ ဦးပါတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ပေးထားတဲ့ ၅၄ ဦးမှာ ၃၆ ဦး လွှတ်လာတယ်။ ၁၈ ဦးကျန်တယ်ဆိုတဲ့ သဘောရှိပါတယ်။ ဒါကိုလည်း ပြန်ပြီးတော့ စိစစ်ပေးဖို့ ကျွန်တော်တို့အနေနဲ့ တောင်းဆိုချင်တယ်” ဟု ပြောသည်။

ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ က မုံးကိုးမြို့ ဗျူဟာကုန်အနီးတွင် ပျောက်ဆုံးခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးအား မြန်မာ့တပ်မတော်မှ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)အတွက် ငွေကြေးထောက်ပံ့ကူညီပေးခြင်း၊ သတင်းပေးခြင်း၊ လူသစ်စု ဆောင်းပေးခြင်း နှင့် မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးထား သည်ဟု ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့သည် ပြီးခဲ့သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ မှ ၂၀၁၇ ဇန်နဝါရီ လဆန်းပိုင်း အထိ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာ မိတ်အဖွဲ့ဝင်များ ဖြစ်သော ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MND AA)တို့ ကြားတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဒေသဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...