CNPC နှင့် MOGE တို့ကို အလိုမရှိကြောင်း အမ်းဒေသခံတောင်သူ ၁၀၀ ကျော်က အစာငတ်ခံဆန္ဒပြ

CNPC နှင့် MOGE တို့ကို အလိုမရှိကြောင်း အမ်းဒေသခံတောင်သူ ၁၀၀ ကျော်က အစာငတ်ခံဆန္ဒပြ
by -
စံမောင်သန်း

ပျက်စီးသွားသည့် လယ်ယာမြေများအား လျော်ကြေး မပေးသဖြင့် CNPC တရုတ်ကုမ္ပဏီနှင့် MOGE မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းတို့ကို အလို မရှိဟုဆိုကာ အမ်းဒေသခံတောင်သူ ၁၀၀ ကျော်က အစာငတ်ခံဆန္ဒပြနေကြကြောင်း သတင်းရရှိသည်။

၎င်း အစာငတ်ခံ ဆန္ဒပြပွဲကို ယမန်နေ့ ဧပြီ ၇ ရက်နေ့ နံနက် ၁၀ နာရီမှ စတင်ပြီး အမ်းမြို့နယ် တောင်စောက်ရှိ CNPC တရုတ်ကုမ္ပဏီရုံးရှေ့တွင် ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း အမ်းမြို့နယ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ကျနော်တို့ အစာငတ်ခံ ဆန္ဒပြတာပါ။ ကျနော်တို့ ဆန္ဒပြပွဲကို အရှိန်မြှင့် လုပ်ဆောင်တာဖြစ်ပြီးတော့ ဒီဆန္ဒပြပွဲကနေ နောက်ထပ် ဘာလုပ်မလဲ ဆိုတာကိုလည်း ဆုံးဖြတ်ချက်တွေ ချမှတ်သွားဖို့ ရှိပါတယ်”ဟု ပြောသည်။

ဆန္ဒပြသူများသည် တရုတ်ကုမ္ပဏီ CNPC (အလိုမရှိ)၊ MOGE (အလိုမရှိ) ၊ ရေနံဓါတ်ငွေ့ ပိုက်လိုင်းကြောင့် နစ်နာသည့် ဒေသခံပြည်သူများ၏ နစ်နာကြေး အပြည့်အဝ ရရှိရေး (ဆောင်ရွက်ပေး) စသည့် ကြွေးကြော်သံများကို ပြိုင်တူကြွေးကြော်၍ ဆန္ဒပြနေကြသည်ဟု သိရသည်။

“ ဆန္ဒဖော်ထုတ်တဲ့သူ ၁၀၀ ကျော်ဟာ အမ်းမြို့ကနေ မိုင် ၁၀ မိုင်ခန့် ဝေးတဲ့ CNPC တောင်စောက် အခြေစိုက်စခန်းကို ဆိုင်ကယ် ၃၅ စီး၊ ကား ၄ စီးနဲ့ နံနက် ၈ နာရီမှ ချီတက်ပြီး၊ နံနက် ၁၀ နာရီမှစ၍ အခြေစိုက်စခန်းရှေ့ အဝင်အထွက် တံခါးရှေ့မှာ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်” ဟု ဒေသခံ ဦးဝင်းမြင့်က ပြောဆိုသည်။

ယနေ့ဆန္ဒပြပွဲတွင် CNPC ကုမ္ပဏီဘက်နှင့် ဆန္ဒပြသူများလုံခြုံရေးအတွက် ရဲအင်အား အများအပြားချထားသော်လည်း ကုမ္ပဏီနှင့် ဆန္ဒပြသူများအကြား တစ်စုံတစ်ရာ ထိပ်တိုက်တိုးမှု မရှိဟု သိရသည်။

“အခုအချိန်အထိတော့ CNPC ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ ထွက်လာတွေ့ဆုံတာတွေ၊ ဟန့်တားမှု ပြုလုပ်တာတွေ မရှိသေးပါဘူး။ ကျနော်တို့က ဥပဒေနဲ့အညီ ဆန္ဒပြတာဖြစ်ပြီးတော့ သူတို့ဘက်ကလည်း ဥပဒေနဲ့အညီ လုံခြုံရေးယူထားတဲ့ အပိုင်းပဲရှိပါတယ်”ဟု ဦးမျိုးလွင်က ပြောသည်။

လွန်ခဲ့သည့် မတ်လ ၂၂ ရက်နေ့က အမ်းမြို့နယ် ကျေးရွာအုပ်စု ၉ အုပ်စုမှ ဒေသခံတောင်သူ လယ်သမား ၁၀၀၀ ကျော်သည် CNPC နှင့် MOGE တို့ကို လယ်ယာနှင့် ဥယျာဉ်ခြံမြေအတွက် လျော်ကြေးရရှိရန် ဆန္ဒပြခဲ့ကြပြီး ယင်းဆန္ဒပြပွဲမှ ဆုံးဖြတ်ချက်အတိုင်း ယခု ဆန္ဒပြပွဲကို စီစဉ်ရခြင်းဖြစ်သည်ဟု သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...