မြစ်ကြီးနား-ဖားကန့်လမ်း တိုက်ပွဲဖြစ်၊ တပ်မတော်မှ လမ်းပိတ်ထား

မြစ်ကြီးနား-ဖားကန့်လမ်း တိုက်ပွဲဖြစ်၊ တပ်မတော်မှ လမ်းပိတ်ထား

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ မြစ်ကြီးနား-ဖားကန့်သွားသည့် လမ်းအနီးတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ တပ်မတော်တို့အကြား ဧပြီလ ၆ ရက်နေ့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၉ တပ်ရင်း ၆ နှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲ ကြောင့် ထိခိုက်ကျဆုံးမှုများလည်းရှိကြောင်း KIO/KIA က အတည်ပြု ပြောဆိုသည်။

“ဖားကန့်လမ်းပေါ့ ဒီကားမိုင်းမြို့ပေါ့နော ကားမိုင်းမြို့အနီးအနားမှာ တံတားညီနောင်ဆိုတဲ့ နာမည်ကြီးနေရာ ရှိပါတယ်။ အဲဒီ တံတားညီနောင်လို့ ပြောတာ။ တိုက်ပွဲဖြစ်တယ်ဆိုတာကတော့ အတည်ပြုလို့ ရပါတယ်။ ဒါပေမယ့် အောက်ခြေသတင်းတွေ ဘာမှမကြားရသေးဘူး” ဟု ကချင်လွတ်လပ်ရေးအဖွဲ KIO သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

သို့သော် တိုက်ပွဲဖြစ်ပွားခဲ့သည့် အသေးစိတ် အခြေအနေနှင့် ထိခိုက်ကျဆုံးမှု စာရင်းကို မသိရှိသေးကြောင်း ဗိုလ်မှူးကြီး နော်ဘူ က ဆက်ပြောသည်။

“ဖြစ်စဉ်ကတော့ ကြားရတာက တပ်မတော်စခန်းဖက်ကို ကေအိုင်အေဖက်ကနေ လာပြီးမှ တိုက်ကြတယ်လို့ပြောတယ် ဒါပေမယ့် အဲဒါကတော့ အတိအကျ မရသေးဘူး။ အတည်ပြုလို့ နည်းနည်းခက်တယ်။ ရင်ဆိုင်တိုက်ပွဲလား ခုခံတိုက်ပွဲလား ဒီဝင်တိုက်တဲ့ တိုက်ပွဲလားဆိုတဲ့ အပိုင်းကတော့ ခုထက်ထိ မရသေးဘူး။ နောက်ပြီး ကျဆုံးတဲ့ဟာတွေ ဒါဏ်ရာရတာတွေ အဲဒီသတင်းတွေကလည်း ဘာမှအတည်ပြုလို့ မရသေးဘူး” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်အတွက် ဖားကန့်သွားရာ ကားလမ်းများလည်း ပိတ်ထားရသည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဖားကန့် ဒေသခံများက ပြောသည်။

“တိုက်ပွဲက ဒီမနက်ကနေ စဖြစ်တယ်။ (၅) နာရီလောက်က စဖြစ်တယ်လို့ပြောတယ်။ ဖားကန့်လမ်းမှာ တိုက်ပွဲဖြစ်လို့ လမ်းပိတ်ထားတယ်ပေါ့နော်။ အခုနက နေ့လည် ၁၁ နာရီအထိ တိုက်ပွဲတွေက ဖြစ်နေတုန်း။ လမ်းမှာလည်းကားတွေက အများကြီးလို့ပြောတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

မြစ်ကြီးနား – ဖားကန့်လမ်းတွင် အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် နန့်ယားနှင့် မအူပင်ကျေးရွာတို့တွင် မော်တော်ယာဉ်သွားများအား သွားလာခွင့် ပိတ်ထားခြင်းဖြစ်သည်။

ဖားကန့်သို့ သွားသည့် ခရီးသည်တစ်ဦးကလည်း “အခုတော့ ကားတွေပြန်ဖွင့်ပြီ။ ကားတွေကို တစ်ခေါက်ကို ဆယ်စီး ဆယ်စီးနဲ့ ပေးသွားတယ်။ ဒီနေ့ မနက်ကတည်းက ပိတ်ထားတာ။ နေ့လည် ၁၂ ကျော်၊ ၁ နာရီ လောက်မှ ဆယ်စီး ဆယ်စီး ပေးသွားတာလေ။ လေယာဉ်တွေလည်း သွားနေတယ် ဖားကန့်ဘက်ကို။ အခုကျွန်တော်တို့က နမ့်ယားမှာ။ ရှေ့မှာတိုက်ပွဲဖြစ်နေလို့ ပေးမသွားဘူးပဲပြောတယ်။ ပိတ်ထားတာက စစ်တပ်နဲ့ ပြည်သူ့စစ်တွေပေါ့။ လမ်းမှာလည်း စစ်သားတွေ အများကြီးပဲ” ဟုပြောသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ မန်စီမြို့နယ်၊ ဖားကန့်မြို့နှင့် ဆွမ်ပရာဘွမ်မြို့နယ်များတွင် အစိုးရ တပ်မတော်က နေရာတော်တော်များများတွင် တပ်အင်အား ဖြည့်တင်းထားသည့်အတွက် နှစ်ဖက်စစ်ရေး စစ်ရေး တင်းမာမှု များရှိနေပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားလာနိုင်သည်ဟု KIO/KIA က ပြောသည်။

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...