NCA အတူတကွ အကောင်အထည်ဖော်ရန် အပစ်ရပ် ၁၀ ဖွဲ့တွေ့ဆုံဆွေးနွေး

NCA အတူတကွ အကောင်အထည်ဖော်ရန် အပစ်ရပ် ၁၀ ဖွဲ့တွေ့ဆုံဆွေးနွေး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA အပစ်ရပ် ၈ ဖွဲ့၏ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ PPST ထိပ်သီး ခေါင်းဆောင် များ အစည်းအဝေးကို ဧပြီလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့္ပ၌ ကျင်းပခဲ့သည်။

အစည်းအဝေး ခေါ်ယူကျင်းပရခြင်းနှင့် ပတ်သက်၍ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သော ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး က အဖွင့်မိန့်ခွန်း တွင် ထည့်သွင်းပြောကြားသည်။

ဒီအစည်းအဝေးမှာ NCA ထပ်မံလက်မှတ်ရေးထိုးထားကြတဲ့ မွန်ပြည်သစ်ပါတီ ၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး တို့ကို ဖိတ်ကြားခဲ့ပြီး တက်ရောက်လာတဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားပြီး ကျနော်တို့ အခြမ်းမှာလည်း ရှေ့ဆက်ပြီး NCA ကို ဘယ်လိုအတူတကွ အကောင်အထည်ဖော်ကြမလဲ ဆိုတာကို ညှိနှိုင်းဆွေးနွေးဖို့အတွက် ဖိတ်ကြားတဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။

မကြာသေးခင်က NCA လက်မှတ်ရေးထိုးခဲ့ကြသည့် မွန်ပြည်သစ်ပါတီ NMSP မှ နိုင်အောင်မငေး နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့မှ ဗိုလ်မှူးကြီး ဆော်လမွန် တို့ပါဝင်သည့် ကိုယ်စားလှယ် များသည် အပစ်ရပ် ၈ ဖွဲ့၏ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်လာခြင်းလည်း ဖြစ်သည်။

ယခုအစည်းအဝေးတွင် ယခင် PPST အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် အပြန်အလှန် ဆွေးနွေးသွားရန်ရှိပြီး စိန်ခေါ်မှုများကိုလည်း NCA ပေါ် အခြေခံ၍ နည်းလမ်းရှာသွားမည်ဟု ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး မှ တိုက်တွန်းပြောဆိုသည်။

တဆက်တည်းမှာပင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးဖက် များအကြား အမြင်အယူအဆ ကွာဟမှုများကိုလည်း အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပြီး ကျော်လွှားနိုင်ရန်အတွက် ယခုအစည်းအဝေးတွင် ဆွေးနွေးကြမည်ဟု ပြောသည်။

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးခဲ့ကြသည့် မွန်ပြည်သစ်ပါတီ နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး အဖွဲ့နှစ်ဖွဲ့နှင့် ပူးပေါင်း၍ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်နိုင်ရန် အတွက်လည်း နည်းလမ်းရှာဖွေသွားကြမည်ဟု ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး မှ ပြောသည်။

NCA ကို ပူးပူးနွေးနွေး လက်မှတ်ရေးထိုးထားကြတဲ့ နယူးမွန်စတိတ်ပါတီ နဲ့ လားဟူဒီမိုကရက်တစ်ယူနီယမ် အတွက်လည်း ကျနော်တို့ ၈ ဖွဲ့နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ဖော်ထုတ်မလဲဆိုတာကို  အစည်းအဝေးမှ ဆွေးနွေးဖို့လိုသလို PPST အစည်းအဝေး ဆုံးဖြတ်ချက်တွေကို PPST အဖွဲ့ဝင်တွေကလည်း တာဝန်ခံဖို့ လိုအပ်ပါတယ်။ လာမည့် UPC ကိစ္စအတွက်လည်း ဘယ်လိုပုံစံနဲ့ လုပ်ဆောင်သွားမလဲ ဆိုတာ နည်းလမ်းရှာဖွေဖို့လည်း လိုနေပါတယ်။

ယခု အစည်းအဝေးတွင် အစိုးရမှ လာမည့် မေလဆန်းပိုင်းတွင် ကျင်းပရန်ယာထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ကျင်းပမည့် အခမ်းအနားကို တက်ရောက်နိုင်ခြင်း ရှိ မရှိ နှင့် အပစ်ရပ်အဖွဲ့ဝင်တချို့၏ ဒေသအတွင်း၌ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခွင့်မရသေးသည့်ကိစ္စများကိုလည်း ထည့်သွင်းဆွေးနွေသွားရန်ရှိသည်ဟု သိရသည်။

ဒီကနေ့ ကျင်းပသည့် အပစ်ရပ် ၈ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ကရင်အမျိုးသား အစည်းအရုံး ကရင်အမျိုးသား ပြည်ထောင်စု တပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNLA/PC မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နော်ကပေါထူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှ ဥက္ကဌ ရဲဘော် သံခဲ နှင့် ချင်းအမျိုးသားတပ်ဦး CNF မှ ဥက္ကဌ ပူးဇင်ကျုံး တို့ ခေါင်းဆောင် သုံးဦး တက်ရောက်နိုင်ခြင်း မရှိသောကြောင့် ၄င်းတို့၏ ကိုယ်စားလှယ်များသာ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးကို NCA အပစ်ရပ် ၈ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP၊ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင် ငြိမ်းချမ်းရေး ကောင်စီ KNLA/PC က ခေါင်းဆောင်ကိုယ်စားလှယ် ၃၀ ခန့် တက်ရောက်ခဲ့ကြသည်။

    

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...