ရခိုင်ပြည်နယ် ဂွမြို့နယ် ရိုးကျော်လမ်းတွင် ဇာတ်ကား တစ်စီး ချောက်ထဲ ထိုးကျသွားရာမှ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၁ ဦးတို့ သေဆုံးသွားကြောင်း ဂွမြို့မရဲစခန်း တာဝန်ရှိသူမှ နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
“သေဆုံးတာ ၆ ယောက်၊ အမျိုးသမီး ၅ ယောက်၊ အမျိုးသား တစ်ယောက်ပါ။ ဗေဒါဂိတ်အလွန် ရိုးကျော်လမ်းမှာ ပေ ၂၀၀ အနက်ရှိတဲ့ ချောက်ထဲကို ထိုးကျသွားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
၎င်းဇာတ်ကားမှာ အောင်ဆန်းပွင့် ဇာတ်သဘင်မှ ဖြစ်ပြီး ဂွမြို့နယ် ကြွေချိုင်မှ ဇာတ်ကပြီး အပြန် ဧပြီ ၂ ရက်နေ့ ညနေ ၆ နာရီကျော်တွင် ချောက်ထဲထိုးကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ သေဆုံးသွားသူ အလောင်း ၆ လောင်းစလုံး ဂွမြို့နယ် ဆေးရုံသို့ ရောက်ရှိနေပြီဟု ရဲတာဝန်ရှိသူက ပြောသည်။
နောက်ဆုံးရရှိသော သတင်းအရ ဒဏ်ရာသူများပြားပြီး ယခု ဂွမြို့နယ် ဆေးရုံတွင် ၂ ဦး၊ ရေကြည် ဆေးရုံတွင် ၄ ဦး၊ ငသိုင်းချောင်းဆေးရုံတွင် ၁၂ ဦးနှင့် ရန်ကုန်သို့ ၄ ဦးယူဆောင်သွားရကြောင်း သတင်းရရှိသည်။







