တံတား ၅စင်း ဖွင့်လှစ်နိုင်သည့် အပေါ် ကြိုဆို၊ လမ်းမှာ မြေသားလမ်းဖြစ်နေ၍ အဆင့်မြင့်တင်ရန် လိုအပ်နေ

တံတား ၅စင်း ဖွင့်လှစ်နိုင်သည့် အပေါ် ကြိုဆို၊ လမ်းမှာ မြေသားလမ်းဖြစ်နေ၍ အဆင့်မြင့်တင်ရန် လိုအပ်နေ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူးသီးတောင်လမ်းပေါ်ရှိ တံတား ၅ စင်းကို ဖွင့်လှစ်နိုင်ခဲ့သည့်အပေါ် ဒေသခံများက ကြိုဆိုလိုက်ကြသော်လည်း ၎င်းလမ်းမှာ မြေသားလမ်း အဆင့်သာ ရှိသေးသဖြင့် ရာသီမရွေး သွားလာနိုင်ရန် လမ်းကို အဆင့်မြင့်တင်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ရသေ့တောင်မြို့ ချောင်းဝရပ်ကွက်မှ ဒေါ်မခင်လှက “ တံတားတွေ ဖွင့်တယ်။ ကားတွေနဲ့ ရသေ့တောင်ကနေ စစ်တွေ၊ ရန်ကုန် ထိ တိုက်ရိုက်သွားလို့ ရတဲ့အတွက် ဝမ်းသာ ကြိုဆိုပါတယ်။ ဒါပေမယ့် လမ်းက မြေသားလမ်းအဆင့်သာ ရှိနေသေးတဲ့ အတွက် ရာသီမရွေး သွားလာနိုင်တဲ့ ကတ္တရာလမ်းအဖြစ် အဆင့်မြင့်တင်ဖို့ လူကြီးတွေကို တောင်းဆိုချင်ပါတယ်။ မဟုတ်ရင် ကျွန်မတို့ ဒေသက မိုးများတဲ့ ဒေသ ဖြစ်တဲ့ အတွက် မိုးတွင်းမှာ လမ်းတွေ ပြိုပျက် သွားနိုင်ပါတယ်” ဟု သူမက ပြောသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ဒေသခံ ကျေးရွာ လူကြီးတွေက နိုင်ငံတော်က ပြည်ထောင်စု ဝန်ကြီးတွေကို မနေ့က တင်ပြတဲ့ အထဲမှာလည်း ဒီလမ်းကို မြေသားလမ်းကနေ ကျောက်ချောလမ်း (မဟုတ်ရင်) ကတ္တရာလမ်း အဖြစ် အဆင့်မြင့်တင်ဖို့ တော်တော်များများ တောင်းဆိုကြတာကို တွေ့ရပါတယ်။ ရခိုင်ဒေသက မိုးများတဲ့ ဒေသဖြစ်တဲ့ အတွက် ဒီနှစ်ဖောက်လုပ်ထားတဲ့ လမ်းတွေ မိုးရေနဲ့ ပါပြီး အကုန်လုံး ပျက်စီးသွားနိုင်ပါတဲ့အတွက် လမ်းတွေကို အဆင့်မြင့်ဖို့ တောင်းဆိုကြတာကို တွေ့ရပါတယ်” ဟု ပြောသည်။

ယခုဖွင့်လှစ်ခဲ့သော တံတားများမှာ ပေ ၈၈၀ ရှိ ရသေ့တောင် (ပြားချောင်းကြီး) တံတား၊ ပေ ၅၀၀ ရှိ သောင်းဒရားချောင်းတံတား၊ ပေ ၂၁၀ ရှိ ငစံပေါ်တံတား၊ ပေ ၂၈၀ ရှိ ရွာဟောင်းချောင်း တံတားနှင့် ပေ ၆၀၀ ရှိ စိုင်းဒင် ချောင်း တံတားတို့ ဖြစ်ကြသည်။

“ ဒေသခံ ပြည်သူတွေက အခုလို တံတားတွေ ဖွင့်လှစ်တာ၊ လျှပ်စစ်မီးရကြတဲ့ အပေါ် အရမ်းဝမ်းသာကြတယ်။ ဒါပေမယ့်လည်း လမ်းက မြေသားလမ်းဆိုတော့ မိုးရာသီမှာ သွားမရမှာကို စိုးရိမ်ကြတာတို့ ရှိတာပေါ့” ဟု ဒေါ်ခင်စောဝေက ဆိုသည်။

ယမန်နေ့က တံတားဖွင့်ပွဲသို့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်၊ လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ အပါအဝင် အစိုးရ ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...