သက္ကမ (ဒိုင်းနက်) လူမျိုးတို့၏ သင်္ကြန်ပန်းမျှောပွဲတော် မင်းပြားမြို့နယ်တွင် ကျင်းပမည်

သက္ကမ (ဒိုင်းနက်) လူမျိုးတို့၏ သင်္ကြန်ပန်းမျှောပွဲတော် မင်းပြားမြို့နယ်တွင် ကျင်းပမည်
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလာဒေ့ရှ်တွင် နေထိုင်သည့် သက္ကမ (ဒိုင်းနက်) လူမျိုးများ၏ ပန်းမျှောပွဲတော်
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလာဒေ့ရှ်တွင် နေထိုင်သည့် သက္ကမ (ဒိုင်းနက်) လူမျိုးများ၏ ပန်းမျှောပွဲတော်

ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်သော သက္ကမ (ဒိုင်းနက်) လူမျိုးတို့၏ ဘီဇူး (သင်္ကြန်) ပန်းမျှောပွဲတော်ကို ယခုနှစ်တွင် မင်းပြားမြို့နယ် ညောင်ပင်ဝိုင်းရွာတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

“သက္ကမ (ဒိုင်းနက်) လူမျိုးတို့၏ ဘီဇူး (သင်္ကြန်) ပန်းမျောပွဲတော်ကို မင်းပြားမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာမှာ ဧပြီ ၁၃ ရက်နေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။ ရခိုင်တစ်ပြည်နယ်လုံးက သက္ကမ လူမျိုးတွေ လာရောက်ဆင်နွှဲကြမှာ ဖြစ်ပါတယ်” ဟု သက္ကမ ရဟန်းတော် အရှင်ဇောတိပါလမှ နိရဥ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

သက္ကမ (ဒိုင်းနက်) လူမျိုးများသည် ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြား မြို့နယ်တို့တွင် နေထိုင်ကြပြီး တစ်ချို့မှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံ ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင်နှင့် စစ်တကောင်း တောင်တန်းနယ်တို့တွင် နေထိုင်ကြသည်ဟု သိရသည်။

“ ပန်းမျှောပွဲ လုပ်ရခြင်း ရည်ရွယ်ချက်ကတော့ မိုးတွင်းမှာ ဆန်ရေစပါး ပေါများဖို့ အတွက် နွေအကုန် မိုးအပြောင်းကာလ သင်္ကြန်အချိန်မှာ ခတ္တိယသကျသာကီများပီပီ ချောင်းစောင့်နတ်၊ မြစ်စောင့်နတ်တွေကို ပန်းတွေနဲ့ ပူဇော်တဲ့ သဘောပါ။ ရှေးရိုးရာ စဉ်လာတစ်ရပ်ဖြစ်တဲ့ အတွက် ခုလို မပျောက်ကွယ်သွားရအောင် ကာကွယ်စောင့်ထိန်းတဲ့ အနေနဲ့ ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု အရှင်ဇောတိပါလမှ ဆက်လက် မိန့်ကြားသည်။

ပန်းမျှောပွဲတွင် အနီးအနားမှ ခူးဆွတ် ရရှိထားသော ပန်းများကို သီကုံးပြီး ငှက်ပျောရွက်ပေါ်တွင် တင်ကာ အမျိုးသမီးငယ်များက ချောင်းရေထဲတွင် မျှောချပြီး ချောင်းစောင့်နတ်၊ မြစ်စောင့်နတ် များကို ပူဇော်ပသကြခြင်း ဖြစ်သည်။

“ ခတ္တိယအဓိပ္ပါယ်က ခေတ္တဆိုတဲ့ လယ်သမား စကားလုံးက ဆင်းသက်တာပါ။ ဦးဇင်းတို့က ခတ္တိယ သကျသာကီများ ဖြစ်ကြပါတယ်။ ဒါကြောင့် လာမယ့် မိုးရာသီ လယ်ယာလုပ်ငန်းတွေ ဖြစ်ထွန်း အောင်မြင်ဖို့ ခုလို ပန်းမျှောပွဲကို နှစ်စဉ် သင်္ကြန်ကာလ မိုးမကျမီ လုပ်ကြတာပါ” ဟု ပြောဆိုသည်။

ယခင်နှစ်က ကျင်းပခဲ့သည့် ဘီဇူး (သင်္ကြန်) ပန်းမျှောပွဲတော်သို့ လူပေါင်း ၅၀၀ ခန့်တက်ရောက်ခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်နှစ်များကဲ့သို့ စည်ကားလိမ့်မည်ဟု မျှော်လင့်ကြောင်း အရှင် ဇောတိပါလက မိန့်ကြားသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...