မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် ကားတစ်စီးပေါ်မှ WY စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။
“ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့က အငူမော်ဆိပ်ကမ်းမှာ ပူးပေါင်းအဖွဲ့ဆိုတာ ရှိပါတယ်။ အရင်တုန်းကတော့ အဲ့ဒီလို စစ်ဆေးတာတွေ ရှာဖွေတာတွေ မရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ ဒီမူးယစ်ဆေးဝါးတွေ သယ်ဆောင်နေတဲ့အတွက် ကျနော်တို့ စီမံချက်ချမှတ်ပြီး လုပ်ပါတယ်။ လုပ်တဲ့အခါမှာ မနေ့က ဇက်နဲ့ကူးလာတဲ့ ခရီးသည်ကားတစ်စီးကို မသင်္ကာလို့ ရှာဖွေရာကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲအရာရှိ တစ်ဦးမှ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
၎င်းကားမှာ စစ်တွေရေချမ်းပြင် ဆိပ်ကမ်းမှ ဇက်သင်္ဘောဖြင့် ရသေ့တောင် အငူမော်ဆိပ်ကမး်သို့ ကူးလာခြင်း ဖြစ်ပြီး ၎င်းမှ တစ်ဆင့် မောင်တောမြို့နယ် သို့ သယ်ဆောင်ရန် ဖြစ်ကြောင်းသူက ပြောကြားသည်။
ယင်းသို့ ကားကို စစ်ဆေးရာတွင် ဆွဲခြင်းထဲမှ မူးယစ်ဆေးဝါးစတွေ့ပြီး ဆက်လက်ရှာဖွေရာတွင် ယာဉ်မောင်းနောက် ထိုင်ခုံအနောက်ဘက်တွင် အထုပ်သေး ၁၆ ထုပ်၊ နောက်ထိုင်ခုံအောက်က ၂၈ ထုပ်၊ ကားဘော်ဒီ ယာဘက်အခြမ်းက ၄၆ ထုပ်၊ ကားဘော်ဒီ ဘယ်ဘက်အခြမ်းတွင် ၉၆ ထုပ်နှင့် ကားအမိုး ခရီးဆောင်အိပ် တင်သည့် ကပ်စင်ပေါ်၌ ၂၄၃ ထုပ် စုစုပေါင်း ၄၂၉ ထုပ်၊ ဆေးပြားပေါင်း ၈၁၅၁၀၀ ပြားတွေ့ရှိခဲ့ပြီး ကာလတန်းဖိုးအားဖြင့် တစ်ပြားကို ၂၀၀၀ ကျပ်နှုန်းဖြင့်ဆိုလျှင် ကျပ်သိန်းပေါင်း ၁၆၃၀၂ သိန်းရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ စစ်တွေမြို့ မင်းဂံ ၆ ရပ်ကွက်နေ ယာဉ်မောင်း အောင်သူနိုင် (၂၅ ) နှစ်နှင့် စစ်တွေမြို့ ရွာကြီးမြောက် ရပ်ကွက်နေ ယာဉ်နောက်လိုက် ထက်ငြိမ်းကို (၁၈) နှစ်တို့ ဖြစ်ပြီး သူတို့နှစ်ဦးကို ရသေ့တောင်မြို့နယ် စေတီပြင်ရဲစခန်းတွင် အမှုဖွင့်ထားပြီး အရေးယူနိုင်စေရန် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရှိရသည်။







