ငပလီ Pristine Mermaid Resort ဆန္ဒပြခံရ

ငပလီ Pristine Mermaid Resort ဆန္ဒပြခံရ

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့ မြပြင်ရှိ Pristine Mermaid Resort ဟိုတယ်ရှေ့တွင် အလုပ်သမား ၂၀ ကျော်က ဆန္ဒပြခဲ့ကြသည်ဟု သတင်းရရှိသည်။

ဆန္ဒပြရခြင်းမှာ ဟိုတယ်ဆောက်လုပ်ရာတွင် အလုပ်သမားခ အပါအဝင် ပေးသွင်းခဲ့သော အုတ်ဖိုး၊ သဲဖိုး၊ ဘိလပ်မြေဖိုး၊ သစ်ဖိုးများကို မရရှိသဖြင့် ဆန္ဒပြရခြင်း ဖြစ်ကြောင်း လုပ်ငန်းကိုယ်စားလှယ် ဦးမြင့်ဌေးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ ကျွန်တော်တို့ တစ်ဦးတည်း သက်သက် ရမယ့် ပိုက်ဆံက ၈၇ သိန်းပါ။ ခုလို ကုမ္ပဏီက ရမယ့် သူက ၂၂ ဦးလောက် ရှိပါတယ်။ အားလုံးရမယ့် ပိုက်ဆံက သိန်း ၁၆၀၀ ကျော်၊ သိန်းပေါင်း ၁၇၀၀ နီးပါးလောက်ရှိ ပါတယ်။ အခု အဲဒီဟိုတယ်ကို ဆောက်ခဲ့တဲ့ ကန်ထရိုက်က ထွက်ပြေးသွားတဲ့ အတွက် ကျွန််တော်တို့က ဒီဟိုတယ်ရှေ့မှာ လာရောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဦးမြင့်ဌေးက ပြောသည်။

ယခုကဲ့သို့ ကန်ထရိုက် ထွက်ပြေးသွားသဖြင့် အုတ်ဖိုး၊ သဲဖိုး၊ ဘိလပ်မြေဖိုး၊ သစ်ဖိုးများ ပေးသွင်းခဲ့သူများ ငွေမရရှိသလို အလုပ်သမားများလည်း လုပ်ခ လစာများ မရရှိခဲ့ကြသဖြင့် ယခုလို စုပေါင်းပြီး မတ်လ ၂၂ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ဆန္ဒပြကြခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့က ကန်ထရိုက်ထွက်ပြေးသွားတဲ့ အတွက် ကုမ္ပဏီက ဖြေရှင်းပေးဖို့ တောင်းဆိုတော့ သူတို့ မသိဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့က အဲဒီကန်ထရိုက်ကို ခေါ်ပေးပါ။ ရှေ့ဆိုင်ဖြေရှင်း ပေးဖို့ တောင်းဆိုပေမယ့် သူတို့က မသိဘူးလို့ဘဲ ပြောနေပါတယ်” ဟု ဦးမြင့်ဌေးက ပြောသည်။

၎င်းဟိုတယ်ကို မန်နေဂျာ ဗိုလ်မှူးဟောင်း ဦးကျော်စွာထွန်းမှ တာဝန်ယူ ဆောက်လုပ်နေကြောင်း၊ ကန်ထရိုက် ဦးကြည်ညွှန့် ထွက်ပြေးသွားကြောင်း၊ သို့အတွက် သူတို့ ကုမ္ပဏီ အနေဖြင့် ကြားဝင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့ ရသင့်ရထိုက်သော ပိုက်ဆံကို မရသမျှ ဟိုတယ် ရှေ့တွင် ယခုလို ဆန္ဒပြနေမည်ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းဟိုတယ်ကို မန်နေဂျာ ဗိုလ်မှူးဟောင်း ဦးကျော်စွာထွန်းအား ဆက်သွယ်ရာ ဆက်သွယ် မရရှိခဲ့ပါ။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်အား ဆက်သွယ်ရာ သူက “ အခု ဖြစ်တာက ကန်ထရိုက်နဲ့ ဖြစ်တာပါ။ ဟိုတယ်နဲ့တော့ တိုက်ရိုက်မဆိုင်ဘူး။ ကန်ထရိုက်က ထွက်ပြေးသွားတယ်။ ဒီအတွက် အုတ်၊ သဲ၊ကျောက်၊ သစ် သွင်းတဲ့ သူတွေ ပိုက်ဆံ မရဖြစ်နေတယ်။ အလုပ်သမားတွေလည်း ပိုက်ဆံ မရ ဖြစ်နေတယ်။ အဲဒီတော့ ပစ္စည်းတွေ သွင်းသူရော၊ အလုပ်သမားတွေ ဘက်က ထိခိုက်နစ်နာမှု ရှိတဲ့ အတွက် အခုလို ဆန္ဒပြကြတာ ဖြစ်တယ်” ဟု ပြောဆိုသည်။

ဦးမြင့်ဇော်က ယခု ပြသနာအား ရပ်ကွက် အုပ်ချုပ်ရေးမှူး အဆင့် မဟုတ်ဘဲ မြို့နယ်အဆင့်မှ ညှိနိုင်း ဖြေရှင်းပေးလျှင် ကောင်းမည်ဟု ပြောကြားသည်။

၎င်း Pristine Mermaid Resort သည် စက်မှုဝန်ကြီး အငြိမ်းစား ဦးအောင်သောင်း (ကွယ်လွန်) သားကိုပြေအောင်နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးမောင်အေးသမီး ဒေါ်နန္ဒာအေးတို့ပိုင်ဆိုင်သည့် ဟိုတယ် ဖြစ်ကြောင်း သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...