ရခိုင်ပြည်နယ် မာန်အောင်မြို့ စမုံတဲ လေယာဉ်ကွင်းတိုးချဲ့ရာတွင် ပါဝင်သည့် အိမ်ခြံမြေ နှစ်ခုမှ အိမ်ထောင် ဦးစီးနှစ်ဦးကို အိမ်မဖယ်ပေးသည့် အတွက် မာန်အောင်မြို့နယ် တရားရုံးမှ လယ်ကွင်းပေါ်တွင် အိမ်ဆောက်သည့် ပုဒ်မ (၃၅)ဖြင့် ထောင်ဒဏ် ၇ လစီ အသီးသီး ချမှတ် လိုက်သည်ဟု မိသားစုဝင်များက နိရဥ္စရာ သတင်းဌာနသို့ ယမန်နေ့ (မတ် ၂၁ ရက်နေ့တွင်) ပြောကြားသည်။
ထောင်ချခံလိုက်ရသူ ၂ ဦးမှာ ဦးသာနီနှင့် ဦးဖြူသီးခိုင်တို့ ဖြစ်ကြသည်။
“ ကျွန်တော်တို့ အဖေတို့ကို ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်က မာန်အောင်မြို့နယ် တရားရုံးက ထောင် ခုနှစ်လ ချမှတ်လိုက်ပါတယ်။ ပုဒ်မ ၃၅ ပါ။ လယ်ယာမြေပေါ်မှာ အိမ်ဆောက်တဲ့ ပုဒ်မပါ။ ကျွန်တော်တို့က ဒီမြေမှာ နေထိုင်လာတာ နှစ်ပေါင်း ၁၅၀ ရှိပါပြီ။ ဘိုးစဉ် ဘောင်ဆက် နေထိုင်လာတာပါ။ ဒါကို လယ်ယာမြေပေါ်မှာ အိမ်ဆောက်တယ်ဆိုပြီး စွပ်စွဲ ထောင်ချလိုက်တာပါ”ဟု ဦးသာနီ၏ သားဖြစ်သူ ကိုသိန်းစိုးလင်းက နိရဥ္စရာသို့ ပြောကြားသည်။
ဦးသာနီနှင့် ဦးဖြူသီးခိုင်တို့သည် သူတို့အိမ်များအား မာန်အောင် စမုံတဲ လေယာဉ်ကွင်း တိုးချဲ့ရာတွင် ပါဝင်နေသဖြင့် အာဏာပိုင်များက ပြောင်းရွှေ့ရန် အမိန့်ထုတ်သော်လည်း အစိုးရမှ ပေးသော လျော်ကြေးငွေနည်းလွန်းသဖြင့် မပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင်ရာမှ ၂၀၁၆ ခုနှစ်တွင် မာန်အောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးစောရွှေမောင်မှ တရားစွဲ ဆိုခဲ့သည်ဟု သိရသည်။
“ ကျွန်တော်တို့က ဆင်းရဲပါတယ်။ ရှေ့နေလည်း မငှားနိုင်ပါဘူး။ အစိုးရဘက်ကတော့ ရှေ့နေရှိပါတယ်။ အမှုကို ၂ နှစ်နီးပါး ရင်ဆိုင်လာရပြီး ဒီကနေ့ သူတို့က တစ်ဖက်သတ် အမှုကို ဆုံးဖြတ်ပြီး ထောင်ချလိုက်ပါတယ်” ဟု ဦးဖြူသီးခိုင်၏ သားဖြစ်သူ ကိုအောင်လှထွန်းက ပြောသည်။
ဦးဖြူသီးခိုင်နှင့် ဦးသာနီ မိသားစုများသည် ယမန်နေ့ကလည်း သူတို့အိမ်များအား လယ်ကွင်းပေါ်တွင် အိမ်ဆောက်သည်ဟု စွပ်စွဲ တရားစွဲမှုမှာ မတရားသဖြင့် ဖြစ်သည်ဟုဆိုကာ အမှုအား ရုပ်သိမ်းရန် မာန်အောင်မြို့တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။
တရားရုံးက ထောင်ဒဏ်မချမှီ တစ်ရက်အလိုက ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ တရားစွဲဆိုခံထားရသည့် ဦးဖြူသီးခိုင်အား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ် မေးမြန်ခဲ့ရာ သူတို့အနေနှင့် အိမ်မရွှေ့ပေးနိုင်ခြင်းကို ယခုလို ပြောကြားခဲ့သည်။
“ ကျွန်တော်အိမ်နဲ့ မြေက သိန်း ၆၀၀ ကျော်တန်ပါတယ်။ ဒါကို မြေဖိုး ၇ သိန်း၊ အိမ်ဖိုး သိန်း ၅၀ အဲသလောက်ဘဲ လျော်ကြေးပေးပါတယ်။ ဒီငွေနဲ့ မြေတစ်ကွက်တောင် မရပါ။ ဦးသာနီ အိမ်ဆိုရင်လည်း နှစ်ထပ်အိမ်၊ မြေနဲ့ပါဆိုရင် သိန်း ၁၀၀၀ လောက်တန်ပါတယ်။ ဒါကိုလည်း လျော်ကြေး နည်းနည်းဘဲ ပေးပါတယ်။ လျော်ကြေးငွေ ပိုမပေးရင် ဖယ်မပေးနိုင်လို့ ဆိုတဲ့ အတွက် ကျွန်တော်တို့ကို တရားစွဲဆိုထားပါတယ်” ဟု ပြောကြားခဲ့သည်။







