ရခိုင်ပြည်နယ် အစိုးရ၏ ဟန့်တားမှုကြောင့် ရခိုင်အမျိုးသားပါတီ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်သင်တန်း ရပ်ဆိုင်းလိုက်ရ

ရခိုင်ပြည်နယ် အစိုးရ၏ ဟန့်တားမှုကြောင့် ရခိုင်အမျိုးသားပါတီ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်သင်တန်း ရပ်ဆိုင်းလိုက်ရ
သင်တန်းဟန့်တားခံရမှု အပေါ် ANP ပါတီ တာဝန်ရှိသူများမှ ဗဟိုဌာနချုပ်ရုံးတွင် မတ်လ ၁၉ ရက်နေ့ညတွင် ရှင်းလင်းပြောကြားနေစဉ်
သင်တန်းဟန့်တားခံရမှု အပေါ် ANP ပါတီ တာဝန်ရှိသူများမှ ဗဟိုဌာနချုပ်ရုံးတွင် မတ်လ ၁၉ ရက်နေ့ညတွင် ရှင်းလင်းပြောကြားနေစဉ်

ရခိုင်အမျိုးသားပါတီ (ANP) မှ အိန္ဒိယ ပညာရှင်များနှင့် ယနေ့ စတင်ပြုလုပ်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်သင်တန်းကို ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများမှ ဟန့်တားသဖြင့် သင်တန်းကို ရပ်ဆိုင်းလိုက်ရသည်ဟု သတင်းရရှိသည်။

ရခိုင်အမျိုးသား ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက “ ကျွန်တော်တို့ကို တိုက်ရိုက် ဖိအား လာပေးတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ သင်တန်းပြုလုပ်မယ့် ရွှေသဇင်ဟိုတယ်ကို သွားပြီး ဖိအားပေးနေတာ ဖြစ်ပါတယ်။ ဒီသင်တန်းကို လုပ်ခွင့် မပေးဖို့ ဟိုတယ်ပိုင်ရှင်ကို သွားပြီး ရဲက ပြောတယ်လို့ သိရပါတယ်”ဟု ပြောသည်။

သို့အတွက် ဟိုတယ် ပိုင်ရှင်မှ သင်တန်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ တားမြစ်ချက်ကို ပါတီသို့ အကြောင်းကြားလာသည်ဟု သိရသည်။

၎င်းပြင် သင်တန်း ပြသမည့် အိန္ဒိယမှ ပညာရှင်နှစ်ဦးကိုလည်း ရဲက သုံးကြိမ်တိ မေးမြန်းမှုများရှိခဲ့သည်ဟု သိရသည်။

“ ဒီသင်တန်းကိစ္စနဲ့ပတ်သက်ပြီး ပါတီက တာဝန်ရှိသူတွေ၊ မြို့နယ်က တာဝန်ရှိသူတွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ သွားတွေ့ပါတယ်။ သူပြောတာက နိုင်ငံခြားသားတွေ ပါတယ်ဆိုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပါမိတ်ပါရင် လုပ်လို့ ရပါတယ်လို့ ပြောပါတယ်။ အခုအချိန်မှာမှ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါမိတ်တောင်းတယ်ဆိုတော့ ဘယ်လိုမှ လုပ်လို့ မရတော့တဲ့ အနေအထားကို ရောက်သွားခဲ့တာပေါ့” ဟု ဦးခိုင်ပြည်စိုးက ပြောကြားသည်။

သင်တန်းပြုလုပ်ခွင့်ရရေး အတွက် ပြည်နယ် ထွေအုပ်နှင့်လည်း သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ သူက သင်တန်းကို ဟန့်တားခြင်း မဟုတ်ဟု ပြောဆိုကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါမိတ်ပါလျှင် လုပ်၍ ရသည်ဟု ပြောဆိုကြောင်း၊ ဤအချိန်မှ ကပ်ပြီး ပြောသဖြင့် မည်သို့မှ မလုပ်ဆောင်နိုင်တော့သဖြင့် ပြုလုပ်ခွင့် မပြုကြောင်းကို စာထုတ်ပေးရန် တောင်းဆိုရာတွင်လည်း စာမထုတ်ပေးနိုင်ဟု ပြောကြောင်း ဦးခိုင်ပြည်စိုးက ရှင်းပြပြောဆိုသည်။

“ ကျွန်တော်တို့က ဒီသင်တန်းမှာ နိုင်ငံခြားသား နှစ်ဦး ပါဝင်တဲ့ အတွက် သင်တန်းပြုလုပ်မယ့် ကိစ္စကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က တစ်ဆင့် မြို့နယ်၊ ခရိုင်အဆင့် တာဝန်ရှိသူတွေကို မိတ္တူ ရေးသားပေးပို့ပြီး လွန်ခဲ့တဲ့ ခုနှစ်ရက်ကတည်းက တင်ပြထားတယ်။ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒါကို ငြိမ်းစုစီနဲ့လည်း တင်စရာမလိုဘူးလို့ သူတို့က ပြောတဲ့ အတွက် သင်တန်း ဒီနေ့စမယ်လို့ လုပ်ပြီးခါမှ အခုလို ဟန့်တား နှောင့်ယှက်မှုတွေ ပြုလုပ်လာတာပါ” ဟု ဦးခိုင်ပြည်စိုးက ပြောဆိုသည်။

လာရောက်ဟန့်တားသူများမှာ ရဲတာဝန်ရှိသူများ ဖြစ်ကြပြီး နိုင်ငံခြားသားများ ပါဝင်ပြသမည့် သင်တန်းဖြစ်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါမိတ်ကို တောင်းခံကြောင်း၊ ပြည်နယ် အဆင့် ပြုလုပ်ခြင်း ဖြစ်၍ ပါမိတ်မရှိကြောင်း၊ သို့အတွက် ပါမိတ်ပေးရန် မဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများကို ပြန်လည် ပြောကြားခဲ့သည်ဟု ဦးခိုင်ပြည်စိုးက ပြောကြားသည်။

ရခိုင်အမျိုးသားပါတီသည် ယခင်ကလည်း အိန္ဒိယ ပညာရှင်များဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်သင်တန်းများကို အကြိမ်ကြိမ်အခါခါ ပြုလုပ်ခဲ့ဖူးသော်လည်း ယခုလို ဟန့်တားခြင်းမျိုး တစ်ကြိမ် တစ်ခါမျှ မရှိခဲ့ဖူးကြောင်း သိရသည်။

အလားတူ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအဝန်းတွင် နိုင်ငံခြားသားများပါဝင်သော အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ အစည်းအဝေးများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ် နေကြသော်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပါမိတ် (ခွင့်ပြုချက်)ကို တောင်းခံမှုမျိုး တစ်စုံတစ်ရာ မရှိကြောင်း CSO အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ တားမြစ်လာသဖြင့် ပါတီမှ မြို့နယ် ကိုယ်စားလှယ်များ၊ CSO အဖွဲ့အစည်းများမှ ကိုယ်စားလှယ် အပါအဝင် လူပေါင်း ၁၀၀ ကျော် တက်ရောက်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်သင်တန်းကို ဟိုတယ်ပိုင်ရှင်နှင့် အိန္ဒိယ ပညာရှင်များအား ငဲ့ညှာသောအားဖြင့် မပြုလုပ်တော့ဟု ဆုံးဖြတ်ချက် ချလိုက်ကြောင်း ဦးခိုင်ပြည်စိုးက ပြောကြားသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...