မျက်စိဝေဒနာရှင်များလွန်း၍ ကုသပေးနိုင်ရန် ရွှေဂရုဏာ အခက်အခဲရှိနေ

မျက်စိဝေဒနာရှင်များလွန်း၍ ကုသပေးနိုင်ရန် ရွှေဂရုဏာ အခက်အခဲရှိနေ
by -
စံမောင်သန်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေကရုဏာခန်းမတွင် မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးရန် မတ်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ စာရင်းကောက်ခံခဲ့ရာ လာရောက် စာရင်းပေးသွင်းသည့် မျက်စိ ဝေဒနာရှင်မှာ အလွန်များပြားနေသဖြင့် ကုသပေးရန် အခက်အခဲရှိနေကြောင်း သတင်းရရှိသည်။

“ကျနော်တို့ လူနာကို နံနက် ၁၀ နာရီကနေ လက်ခံမယ်လို့ ကြေညာထားပေမယ့် ပထမနေ့မှာ လူနာတွေက နံနက် ၄-၅ နာရီကတည်းကနေ စောင့်ဆိုင်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ တစ်နေ့ကို လူနာ အရေအတွက ၂၀၀ အထိသာ စာရင်း လက်ခံမယ် ဖြစ်ပေမယ့် လူနာ ၄၀၀-၅၀၀ ထိရောက်ရှိလာတော့ လက်မခံနိုင်တဲ့ လူနာတွေကို ပြန်လွှတ်လိုက်ရပါတယ်”ဟု ရွှေကရုဏာဆေးခန်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးအေးထွန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သုံးရက်တာ စမ်းသပ်ရန် လူနာ ၆၀၀ ဦးသတ်မှတ်ထားသော်လည်း ရောက်ရှိလာသည့် လူနာ အရေအတွက် အလွန်များပြားသည့်အတွက် ၇၅၀ ဦးခန့်ကို စမ်းသပ်သွားမည်ဖြစ်ပြီး၊ ထိုအထဲမှ လူနာ ၃၀၀ ဦးကို မတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့ထိ ခွဲစိပ်သွားမည်ဟု ဆိုသည်။

“၁၇ ရက်နေ့အတွက် စာရင်းသွင်းမယ့် လူနာတွေဟာ ၁၆ ရက်နေ့ည ၁၂ နာရီကတည်းက ရွှေကရုဏာခန်းမရှေ့ မဏ္ဍပ်မှာ ရောက်ရှိလာကြပြီးတော့ ၁၇ ရက်နေ့ နံနက် ၁-၂ နာရီလောက်မှာ မျက်စိဝေဒနာရှင် ၄၀၀-၅၀၀ လောက်ဖြစ်သွားပါပြီ”ဟု ဦးအေးထွန်းက ပြောသည်။

ယင်းသို့ လူနာပိုရောက်ရှိလာသည်ကို ဖြေရှင်းနိုင်ရန် နံနက် ၅ နာရီမှနေ၍ အသက် ၇၅ နှစ်အထက် မျက်စိဝေဒနာရှင်များကို ဦးစားပေးရွေးထုတ်၍ လက်ခံခဲ့ရသည်ဟု ဆိုသည်။

“ကျနော်တို့အနေနဲ့ ရောက်ရှိလာတဲ့ လူနာအားလုံးကို လက်ခံ ကုသပေးချင်ပေမယ့် လက်ခံနိုင်တဲ့ အနေအထားက တစ်နေ့ကို ၂၀၀ လောက်ပဲ လက်ခံစစ်ဆေးနိုင်တော့ ပိုတဲ့လူနာတွေကို အားနာနာနဲ့ ပြန်လွှတ်လိုက်ရပါတယ်။ ပြန်လွှတ်လိုက်ရတဲ့အပေါ်မှာလည်း ကျနော်တို့ စိတ်မကောင်းဖြစ်မိပါတယ်”ဟု ဦးအေးထွန်းက ဆက်လက်ပြောကြားသည်။

ဤကဲ့သို့ ရခိုင်ပြည်နယ်၌ မျက်စိဝေဒနာရှင် များနေရခြင်းမှာ ရခိုင်ပြည်နယ်၌ မျက်စိဝေဒနာကို ခံစားနေရသူမှာ အခြားတိုင်းနှင့်ပြည်နယ်တို့ထက် များပြားနေပြီး ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိ ၅၀၀ ကုတင်ဆံ့ ဆေးရုံကြီးတွင် မျက်စိဆရာဝန် တစ်ဦးတည်းသာရှိခြင်းနှင့် သက်ဆိုင်နေသည်ဟု ဆိုသည်။

“အမှန်က ကုတင် ၅၀၀ ဆံ့ဆေးရုံတစ်ရုံအတွက်ဆိုရင် မျက်စိဆရာဝန် ၅ ယောက်လိုအပ်ပါတယ်။ အခုက မျက်စိဆရာဝန် တစ်ယောက်ပဲရှိတယ်ဆိုတော့ ဆေးရုံနဲ့ ဆရာဝန် မျှတမှုမရှိဖြစ်နေပါတယ်”ဟု ရွှေကရုဏာဆေးခန်းမှ အမည်မဖေါ်လိုသူတစ်ဦးက ပြောသည်။

ရွှေကရုဏာဆေးခန်းမှ ယခုအကြိမ် မျက်စိဝေဒနာရှင်များအား အခမဲ့ကုသခြင်း အစီအစဉ်သည် ၁၂ ကြိမ်မြောက်ဖြစ်ပြီး၊ ယခု အကြိမ်တွင် ရန်ကုန်မြို့ မျက်စိအထူးကု ဆေးရုံကြီးမှ မျက်စိအထူးကု ပါမောက္ခ ဒေါက်တာခင်ဥမ္မာခိုင် ဦးစီးလျက် ဆရာဝန် ၉ ဦး၊ မျက်မှန်ကျွမ်းကျင် တစ်ဦးနှင့် သူနာပြုဆရာမ ၄ ဦးပါဝင်သည်ဟု သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...