၁၉၉ဝခုနှစ်မှ ၂ဝဝဝခုနှစ်ထိ စစ်တွေဒီဂရီကောလိပ်နှင့်စစ်တွေတက္ကသိုလ်တွင်တက်ရောက်ပညာသင်ကြားခဲ့သော ကျောင်းသား၊ကျောင်းသူဟောင်းများ၏ တွေ့ဆုံပွဲကို သံတွဲခရိုင် ငပလီမြို့တွင် မတ်လ ၂၄ ၌ ကျင်းပ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
၎င်းတွေ့ဆုံပွဲသို့ ကျောင်းသား ကျောင်းသူဟောင်း ၅၀၀ နီးပါးခန့် တက်ရောက်မည် ဖြစ်ပြီး အခမ်းအနားကို ငပလီအထကတွင် ပြုလုပ်သွားမည် ဖြစ်သည်။
“ ကျောင်းသားဟောင်းတွေကို ပထမ စုစည်းမယ်။ ဒီစုစည်းမှုကတစ်ဆင့် နောင်လာမည့်နှစ်တွေမှာ မြတ်ဆရာပူဇော်ပွဲကို ကျင်းပနိုင်အောင် စီစဉ်မယ်။ ဒီရည်ရွယ်ချက်နဲ့ ခုလို တွေ့ဆုံပွဲကို ကျင်းပရတာ ဖြစ်ပါတယ်” ဟု ဖြစ်မြောက်ရေးကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ ရူပဗေဒကျောင်းသားဟောင်းဒေါ်ခင်ခင်စောမှ နိဥ္စရာ သတင်းဌာနသို့ ပြောသည်။
စစ်တွေဒေသကောလိပ်၊ စစ်တွေကောလိပ်၊ တက္ကသိုလ်တို့တွင် ပညာဆည်းပူးခဲ့ကြသည့် နောင်တော်ကြီးများနှင့် ပူးပေါင်းလက်တွဲကာ ရခိုင်ပြည်နယ်၏ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်လိုကြောင်း သူမက ဆက်လက်ပြောသည်။
ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ (သံတွဲ) ဇီဝဗေဒကျောင်းသားဟောင်း ဦးထွန်းသိန်းမှ “ ရခိုင်ပြည်နယ်မြို့နယ်ပေါင်းစုံနဲ့ ရန်ကုန်အပါအဝင်၊တစ်မြို့နယ်နှစ်ယောက်ကျစီကော်မတီဝင်ဖွဲ့ပြီး၊ ဒီကော်မတီတွေက လာမည့်နှစ် မြတ်ဆရာ ပူဇော် ကန်တော့ပွဲဘယ်နေရာမှ ဘယ်လိုကျင်းပမယ်။ ရှေ့အစီအစဉ်တွေ ဘယ်လိုလုပ်ဆောင်မယ် စသဖြင် ကိုယ့့်မြို့နယ်တွင်းမှာ တိုင်ပင်ဆုံးဖြတ်ချက်ချပြီး ဆောင်ရွက်သွားပါမယ်။ တွေ့ဆုံပွဲ မကျင်းပမီ အစည်းအဝေးမှာ လုပ်ငန်းစဉ်တွေကို ချပြပြီး ဆုံးဖြတ်အကောင်အထည်ဖော်သွားပါမယ်” ဟု နိဥ္စရာသို့ပြောသည်။
တွေ့ဆုံပွဲ စတင်ကျင်းပရာတွင် ကျောင်းသား၊ကျောင်းသူများအားလုံးပါဝင်ရန် အစီအစဉ် ပြုလုပ်နေသော်လည်း အခက်အခဲများရှိနေကြသဖြင့် ကျောင်းသားဟောင်းများ ၅ဝဝဝန်းကျင်လောက်သာ တက်ရောက်နိုင်ရန် အခြေအနေရှိနေကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။







