ရခိုင်အခြေစိုက် နိုင်ငံတကာ အန်ဂျီအို ၁၇ ခု စစ်တွေကမ်းခြေတွင် စုပေါင်း အားကစားပြိုင်ပွဲပြုလုပ်

ရခိုင်အခြေစိုက် နိုင်ငံတကာ အန်ဂျီအို ၁၇ ခု စစ်တွေကမ်းခြေတွင် စုပေါင်း အားကစားပြိုင်ပွဲပြုလုပ်
by -
စံမောင်သန်း

ရခိုင်ပြည်နယ် အခြေစိုက် အန်ဂျီအို (INGO) အဖွဲ့အစည်း ၁၇ ခုမှ ဝန်ထမ်းပေါင်း ၈၀၀ သည် ရခိုင်ပြည်နယ် စစ်တွေမြို့ ကမ်းခြေတွင် မတ်လ ၁၆ ရက်နေ့တွင် စုပေါင်း အားကစားပြိုင်ပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စုပေါင်း အားကစားပြိုင်ပွဲသို့ Care, LWF, MERCY, SI, Oxfan, NRC, SCI, DRC, IRC, RI, MHAA, Plan, URC, MSF, ACF, PIN စသည့်အဖွဲ့များပါဝင်ပြီး၊ အထုပ်သတ်ပွဲ၊ ထုပ်ဆီး ထိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘောလီဘော၊ ဘောလုံးဂိုးကျဉ်း၊ အပြေးပြိုင်ပွဲနှင့် လွန်ဆွဲပွဲများ ပါဝင်သည်ဟု သိရသည်။



“NGO အဖွဲ့အစည်းတွေ ချိတ်ဆက်ပြီးတော့ စုပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။ အတူတကွ ပျော်ရွှင်ညီညွတ်မှုရအောင် ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပြီးတော့ NGO အဖွဲ့ ၁၇ ဖွဲ့က လူပေါင်း ၈၀၀ ပါဝင်ဆင်နွှဲကြပါတယ်။ ပြည်တွင်းအခြေစိုက် NGO အဖွဲ့တွေလည်းပါဝင်ပါတယ်”ဟု ဒိန်းမတ် နိုင်ငံအခြေစိုက် NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် DRC အဖွဲ့မှ အမည်မဖေါ်လိုသည့် တာဝန်ရှိသူ တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ရခိုင်ပြည်နယ် အခြေစိုက် INGO အဖွဲ့အစည်းများထဲမှ ဝန်ထမ်းများ အနေဖြင့် တစ်နေရာတည်းတွင် ဆုံတွေ့ခွင့်ရပြီး သတင်းအချက်အလက်များလည်း ရရှိသည်ဟု ဆိုသည်။

“ဒီပွဲမှာ ဂိမ်းအမျိုးမျိုးပါဝင်ပြီးတော့ အနိုင်အရှုံးကို ပဓာနမထားဘဲ ပျော်ရွှင်မှုအတွက် ယှဉ်ပြိုင်ကြပါတယ်။ ရခိုင်မှာရှိတဲ့ NGO တွေ ရင်းနှီးမှု ရရှိရေးအတွက် နှစ်စဉ်ပြုလုပ်တဲ့ပွဲပါ။ အဖွဲ့အစည်းတွေ အားလပ်မယ့် ရက်ကို အားလုံးညှိယူပြီး ရက်သတ်မှတ် ပြုလုပ်ကြတာ ဖြစ်ပါတယ်”ဟု DRC မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါပွဲ၌ ရခိုင်ပြည်နယ်ရှိ INGO အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်မှ တိုင်းရင်းသားများ ပါဝင်ဆင်နွှဲကြသည့်အတွက် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရရှိစေသည်ဟု ဆိုသည်။

INGO အဖွဲ့အစည်းများ စုပေါင်းကျင်းပသည့် အားကစားပြိုင်ပွဲသို့ ရခိုင်ပြည်နယ်မှ CSO အဖွဲ့အစည်းများကိုပါ ဖိတ်ကြားသင့်သည်ဟု ကိန်းသာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုကျော်ဆန်းက ပြောသည်။

ယခုကဲ့သို့ ပျော်ပွဲရွှင်ပွဲကို ရခိုင်ပြည်နယ် အခြေစိုက် INGO အဖွဲ့အစည်းများ စုပေါင်း၍ နှစ်စဉ်ပြုလုပ်လျက်ရှိသည်ဟု သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...