ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို အကြောင်းအရာ တစ်ခုတည်း အပေါ်တွင် အမှုသုံးခုဖြင့် တရားစွဲဆိုခြင်းသည် ဥပဒေနှင့် ဆန့်ကျင်နေကြောင်း တရားလွှတ်တော် ရှေ့နေဒေါ်အေးနုစိန်က ပြောဆိုသည်။
ထိုသို့ ဆန့်ကျင်နေကြောင်းကို ကိုဝေဟင်အောင်အမှုကို လိုက်ပါဆောင်ရွက်နေသည့် ဒေါ်အေးနုစိန်က စစ်တွေမြို့ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးတို့တွင် ဒေါက်တာ အေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို မတ်လ ၁၄ ရက်နေ့က တရားရုံးထုတ်လာစဉ် မေးခွန်းထုတ်ခဲ့သည်ဟု သိရသည်။
“တစ်နေရာတည်း တစ်ကြိမ်တည်းမှာ တစ်ယောက်တည်းစီပေါ့နော်။ ဒေါက်တာအေးမောင်ကိုဘဲ ဖြစ်ဖြစ်၊ ဝေဟင်အောင်ဘဲ ဖြစ်ဖြစ် ဟောပြောချက်တစ်ခုတည်းကို မူတည်ပြီးတော့ အမှု ၃ ခု ၊ ပုဒ်မ ၃ ခုနဲ့ ခွဲပြီး စွဲထားတာဟာ တည်ဆဲဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုတာမျိုးကို ကျမတို့ တရားရုံးမှာ မေးမြန်း နိုင်တဲ့ အဆင့်တောင် ရောက်နေပြီ” ဟု မတ် ၁၄ ရက်နေ့ ညနေ ၄ နာရီက ဒေါက်တာ အေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ၅ ကြိမ်မြောက် ရုံးထုတ်ပြီးအပြန်တွင် သတင်းထောက်များသို့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ပြောကြားသည်။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား၌ ဟောပြောခဲ့မှုဖြင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် တရားစွဲဆိုထားသည်။
“ ၁၉၇၃ ခုနှစ် စကားရပ်များ အဓိပ္ပာယ်ဖွင့်ဆိုမှု အက်ဥပဒေပုဒ်မ ၂၂ အရဆိုရင် လူတစ်ယောက်ကို အကြောင်း အခြားအရာ တစ်ခုတည်းဖြင့် ၂ မှု မစွဲရ၊ အပြစ်နှစ်ခု မပေးရဆိုပြီး ပါရှိပါတယ်” ဟု ဒေါ်အေးနုစိန်က ပြောဆိုသည်။
ဥပဒေတွင် ယင်းသို့ ပါရှိသော်လည်း ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို အကြောင်းအရာ တစ်ခုတည်းအပေါ် အမှု ၃ ခု တပ်၍ တရားစွဲဆိုခဲ့သဖြင့် ဥပဒေနှင့် ညီညွတ်မှု မရှိဟု ဒေါ်အေးနုစိန်က ထောက်ပြ ပြောဆိုခြင်း ဖြစ်သည်။
အဆိုပါ အမှု ၃ ခုအတွက် ၆ ကြိမ်မြောက်ရုံးချိန်းကို မတ်လ ၁၉ ရက်နေ့ တနင်္လာနေ့ကို သတ်မှတ်လိုက်သည်ဟု သိရှိရသည်။







