နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို (၅) ကြိမ်မြောက်ရုံးထုတ်

နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို (၅) ကြိမ်မြောက်ရုံးထုတ်
by -
စံမောင်သန်း

နိုင်ငံတော်ပုန်ကန်မှု အပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို ယနေ့ စစ်တွေခရိုင်နှင့် စစ်တွေမြို့နယ် တရားရုံးတို့တွင် (၅) ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။ 

ရုံးထုတ်ရာတွင် နိုင်ငံတော်ပုန်ကန်မှုကို ယနေ့ နံနက်ပိုင်း စစ်တွေခရိုင်တရားရုံး၌ ကြားနာ စစ်ဆေးမည်ဖြစ်ပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှုနှင့် မတရားအသင်းနှင့် ဆက်သွယ်မှု အမှုနှစ်ခုကို ညနေပိုင်းတွင် မြို့နယ်တရားရုံး၌ စစ်ဆေး ကြားနာသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် တရားလိုပြ သက်သေ ၄ ဦးကို အမှုနှင့်ပတ်သက်၍ တရားရုံးတွင် မေးမြန်းမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

၎င်းပြင် မှတ်တမ်းခွေများကို နားထောင်မှု ပြုလုပ်သွားမည်ဟုလည်း ရှေ့နေများမှ တစ်ဆင့် သိရှိရသည်။ 

ယနေ့ စစ်တွေခရိုင်တရားရုံးသို့ ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့အား ရုံးထုတ် လာစဉ် တရားရုံးအဝင်ဝတွင် မီဒီယာသမားများ၏ တောင်းဆိုချက်ကြောင့် ဒေါက်တာ အေးမောင်ကို ယခင်ကထက် အနည်းငယ် အချိန်ပေးပြီး စကားပြောခွင့် ပြုခဲ့သည်ကို တွေ့ရှိရသည်။

ဒေါက်တာ အေးမောင်က “ဟိုဘက်က စွပ်စွဲချက်နဲ့ ကျနော်ပြောတာနဲ့ မတူဘူး။ စာသား ပြန်ပြင် ထားတာ၊ အဲ့ဒါလေးကို ဦးညီပု ပြန်ဖတ်ရင် စိတ်ကောင်းမှာ မဟုတ်ဘူး၊ ကျနော်လည်း စိတ်မကောင်းဘူး။ စွပ်စွဲချက်တွေအားလုံးဟာ လိုရာဆွဲပြီးမှ စာသားပြန်စီထားတဲ့အခါကျတော့ ဒါလေးတွေကို စဉ်းစားစေချင်တယ်”ဟု တရားရုံးသို့ အဝင်တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

ဒေါက်တာအေးမောင်တို့အား ရုံးထုတ်လာစဉ် မီဒီယာများနှင့် မိနစ်အနည်းငယ် စကား ပြောခွင့်ပြုရန် တရားရုံးတွင် လုံခြုံရေး တာဝန်ယူထားသည့် ရဲအရာရှိနှင့် မီဒီယာတို့အကြား အလွတ်သဘော ကြိုတင်ညှိနှိုင်းမှု တစ်ခုကို ယနေ့နံနက်က တရားရုံး အဝင်နေရာတွင် ပြုလုပ်ခဲ့ကြသည်။ 

“ကျနော်တို့က သူ့ရဲ့လုံခြုံရေးအတွက် ဒီလိုလုပ်ဆောင်ရတာပါ။ သူ့ကို မီဒီယာနဲ့ စကားပြောခွင့် မရအောင် ပိတ်ပင်တဲ့သဘောမျိုးတို့ မဟုတ်ပါဘူး။ ကျနော်တို့ တာဝန်အရ လုံခြုံရေး ပေးနေရတာပါ”ဟု အမည်မဖေါ်လိုသည် ရဲအရာရှိက မီဒီယာများသို့ ရှင်းပြသည်။

မီဒီယာများဘက်မှလည်း ဒေါက်တာအေးမောင်သည် နိုင်ငံရေးခေါင်းဆောင် တစ်ဦးဖြစ်နေသည့် အတွက် သူ၏ သိက္ခာကို ငဲ့ကွက်သည့်အနေဖြင့်လည်းကောင်း၊ မီဒီများအတွက် သတင်း ရယူရေးအတွက် အဆင်ပြေစေရန်အတွက်လည်းကောင်း ဒေါက်တာအေးမောင်ကို ၂ မိနစ်ခန့် အိန္ဒြေရရ စကားပြောခွင့်ပြုရန် မေတ္တာရပ်ခံတောင်းဆိုခဲ့ကြသည်။ 

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား၌ ဟောပြောခဲ့မှုဖြင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ)၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် စွဲချက်တင်၍ စစ်တွေအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...