ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အကြား ဖြတ်သန်းစီးဆင်းနေသော ငစံပေါ်ချောင်းကို ဖြတ်သန်း တည်ဆောက်နေသည့် ငစံပေါ် တံတားသည် ယခုနှစ် မတ်လ အကုန်တွင်ပြီးစီးမည် ဖြစ်ကြောင်း သိရှိရသည်။
အရှည်ပေ ၂၁၀ ရှိ ၎င်းငစံပေါ်တံတားမှာ ရသေ့တောင်မှ ဘူးသီးတောင်သို့ ဖောက်လုပ်နေသည့် ကားလမ်းပေါ်တွင် တည်ရှိပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၂)၊ တံတားအထူးအဖွဲ့ (၇) မှ တည်ဆောက်နေသော တံတားတစ်စင်း ဖြစ်သည်။
အဆိုပါ ငစံပေါ်ချောင်းသည် မေယူမြစ်ထဲသို့ စီးဝင်ပြီး ရသေ့တောင်မြို့နယ် ရေကောင်းချောင်းကျေးရွာအနီး အရောက်တွင် ချောင်း၏ မြောက်ဘက်ခြမ်းကို ဘူးသီးတောင်မြို့နယ် အဖြစ်သတ်မှတ်ထားကာ ချောင်း၏ တောင်ဘက်ခြမ်းကို ရသေ့တောင်မြို့နယ် အဖြစ်သတ်မှတ်ထားသည်။
“ ချောင်းရဲ့ မြောက်ဘက်က ဟိုမှာ မြင်နေရတဲ့ တောင်မော်ရွာက ဘူးသီးတောင်မြို့နယ် ဖြစ်ပါတယ်။ ဒီရေကောင်းချောင်းကျေးရွာက ရသေ့တောင်မြို့နယ် ဖြစ်ပါတယ်။ ဒီချောင်းက မြို့နယ် ၂ ခုကို ပိုင်းခြားထားတဲ့ ချောင်း ဖြစ်ပါတယ်” ဟု ကူးတို့ပို့နေသူ ရေကောင်းချောင်း ကျေးရွာသား တစ်ဦးက ပြောသည်။
တံတားပြီးစီးသွားပါက လူများ အလွယ်တကူ သွားလာနိုင်ကြမည် ဖြစ်သဖြင့် ဒေသအတွက် အကျိုးရှိမည်ဟုလည်း ကူးတို့ပို့သူက ပြောသည်။
“ ဒီချောင်းကို လှေနဲ့ ပို့ခကတော့ တစ်နှစ် တစ်အိမ် စပါးတစ်တောင်းကျ ကောက်ပါတယ်။ ဒီနားက ရွာတွေက တစ်အိမ်တစ်တောင်းကျပါ။ အဝေးက လူတွေကတော့ တစ်ခါကူးရင် ၂၀၀ ကျပ် ကောက်ပါတယ်။ ဒီတံတားပြီးသွားရင် အလုပ်တော့ရှိမှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒေသခံလူတွေ အတွက် အကျိုးရှိမှာ ဖြစ်တဲ့ အတွက် တံတားတစ်စင်းရှိလာတဲ့ အပေါ် ဝမ်းသာမိပါတယ်” ဟု ၎င်းကူးတို့ပို့သူက ပြောကြားသည်။
ငစံပေါ်တံတားသည် စစ်တွေ- ရန်ကုန် လမ်းမကြီးနှင့် ချိတ်ဆက်မည့် ပုဏ္ဍားကျွန်း- ရသေ့တောင်- ဘူးသီးတောင် ကားလမ်းပေါ်တွင် တည်ရှိသည်။ ရသေ့တောင်နှင့် ပုဏ္ဍားကျွန်းကားလမ်းကို လာမည့် မတ်လ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ရသေ့တောင်နှင့် ဘူးသီးတောင် ကားလမ်းအားလည်း ယခုနှစ်တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။
ရသေ့တောင်-ဘူးသီးတောင် ကားလမ်းပေါ်တွင် သောင်းဒရားချောင်းတံတား၊ ငစံပေါ်တံတား၊ စိုင်းတင် တံတားများကိုလည်း တည်ဆောက်နေပြီး ၎င်းတံတားများ အချိန်မှီပြီးစီးပါက ဖေါက်လုပ်နေသောလမ်းကိုလည်း မတ်လ ၃၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။
အဆိုပါ တံတားများပြီးစီးပါက ရန်ကုန်- စစ်တွေကားလမ်းမှ တစ်ဆင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့ထိ ကားဖြင့် တိုက်ရိုက်သွားလာနိုင်မည်ဟု သိရသည်။







