ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP ခေါင်းဆောင်များ တွေ့ဆုံ

ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP ခေါင်းဆောင်များ တွေ့ဆုံ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် PC တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု NCA စာချူပ် လက်မှတ်ရေးထိုးနိုင်ရန်အတွက် မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တွင် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းခဲ့သည်။

ယမန်နေ့ အစည်းအဝေးတွင် ကယားပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် သုံးဦးနှင့် အရပ်သား တစ်ဦး သေဆုံးခဲ့မှုကိစ္စ၊ ထိုင်း-မြန်မာနယ်စပ်မှတ်တိုင်အမှတ် BP 13 ဂိတ်ဖြစ်သည့် မယ်စဲဂိတ်စခန်း ဖြတ်သန်းသွားလာမှု ကိစ္စ အပါအဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA စာချူပ် ချုပ်ဆိုရေးကိစ္စများအား အဓိက ဆွေးနွေးနေကြောင်း သိရသည်။

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့၏ ထုတ်ပြန်ချက်တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ အဆိုပြုထားသော အချက် ၈ ချက်ကို ပြန်လည်ဆွေးနွေးရန် ရှိပြီး KNPP နှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ၏ သဘောတူညီချက်များ အကောင်အထည် မဖော်နိုင်သေးသည့် ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဟု ဖော်ပြထားသည်။

ယမန်နေ့ အစည်းအဝေးသည် အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်းဖြစ်၍ လာရောက်သတင်းရယူသည့် သတင်းထောက်များအား သတင်းရယူခွင့် မပြုခဲ့သလို ဆွေးနွေးညှိနှိုင်းမည့် အချက်များနှင့် ပတ်သက်၍လည်း အစိုးရဖက်မှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိပေ။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့သည် ၁၉၅၇ ခုစ်တွင် စတင်တည်ထောင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင်  အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သော်လည်း ၃ လအကြာတွင် သဘောတူညီမှု ပျက်ပြားခဲ့သည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့်  ငြိမ်းချမ်းရေး အတွက် ပြန်လည်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ ၂၀၁၂ ခုနှစ် မတ်လတွင် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...