ထိုင်းနိုင်ငံမှ ဝင်လာသောကြက်အကောင်ရေ (၆၀၀၀) နီးပါး မော်လမြိုင်တွင်ဖမ်းမိ

ထိုင်းနိုင်ငံမှ ဝင်လာသောကြက်အကောင်ရေ (၆၀၀၀) နီးပါး မော်လမြိုင်တွင်ဖမ်းမိ
 ဖမ်းဆီးရမိသော ကြက်များကို ရဲစခန်းရှေ့တွင် ခေတ္တထိန်းသိမ်းထားစဉ် (photo: MNA)
ဖမ်းဆီးရမိသော ကြက်များကို ရဲစခန်းရှေ့တွင် ခေတ္တထိန်းသိမ်းထားစဉ် (photo: MNA)

ကုန်တင်ကား ၄ စီးဖြင့် ထိုင်းနိုင်ငံမှတင်သွင်းလာသော တရားမဝင် အသားစားကြက် အကောင်ရေ (၆၀၀၀) နီးပါးကို မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက မတ်လ ၆ ရက်နေ့၌ မော်လမြိုင်မြို့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

“ညတုန်းက ယိုးဒယားကနေပြီးတော့ အသားစားကြက်အကြီးကား ၇ စီး ဆင်းမယ်လို့ မြဝတီကနေပြီး ကျွန်တော်တို့ရဲ့အမာခံ သတင်းပေးတယ်။ ကျွန်တော်ကနေပြီးတော့ သက်ဆိုင်ရာ မွေး/ကုဦးစီး၊ ခြံသမားတွေကို အခြေအနေပြောပြတယ်။ မနက် ၂ နာရီမှာ ကျွန်တော်တို့ လူစုပါတယ်။ ၃ နာရီမှ မော်လမြိုင် ကျွဲခြံကုန်းအဝိုင်းထိပ်မှာ ထွက်ပြီးတော့ စောင့်ပါတယ်။ ၄ နာရီတိတိမှာ ကြက်ကား ၄ စီးကို စတင်ပြီးတော့ ဖမ်းမိပါတယ်။ အကြမ်းဖျဉ်း ပထမစစ်ဆေးချက်အရ အကောင် ၅၈၀၀ ကျော်ကျော် ရှိပါတယ်” ဟု မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညိုမင်းက မွန်သတင်းအေဂျင်စီကို ပြောသည်။

နိုင်ငံခြားမှ အသားစားကြက်၊ ဝက်တို့ကို တရားဝင်တင်သွင်းနိုင်ရန်အတွက် သက်ဆိုင်ရာဒေသမှ ရောဂါကင်းစင်ကြောင်း ထောက်ခံချက်၊ ဖြန့်ဖြူးရာဒေသအတွင်း ထောက်ခံချက်များတင်ပြပြီး မြန်မာနိုင်ငံရင်နှီးမြှုပ်နှံမှုကော်မရှင်တွင် လုပ်ငန်းလိုင်စင်များ လျှောက်ထားနိုင်ကြောင်း မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သန်းဝင်းက ပြောသည်။

ဒေါက်တာအောင်သန်းဝင်းက “ဒီအတိုင်း ဝင်လာတယ်ဆိုတော့ ဘာမှအထောက်အထားမရှိဘူး။ ရောဂါကင်းတယ်လို့လဲ ပြောလို့မရဘူး။ မကင်းဘူးလို့လဲ ပြောလို့မရဘူး။ ဒါကြောင့် ဒီကောင်တွေကို ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း နမူနာပစ္စည်း ပို့ထားတယ်” ဟု ဆိုသည်။

ဖမ်းဆီးရမိသော ကြက်များကို ရန်ကုန်မြို့ ဓာတ်ခွဲခန်းကို သွေးရေကြည်နမူနာ ပေးပို့ထားပြီး ဆေးစာတွင် ကူးစက်ရောဂါရှိပါက ဖျက်ဆီးသုတ်သင်မှာ ဖြစ်ကြောင်း၊ ရောဂါကင်းစင်ပါက အသားစားကြက်များကို လေလံတင်ရောင်းချမှာ ဖြစ်ကြောင်း သိသည်။

အသားစားကြက််ဖမ်းဆီးရရှိမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာတင်ဌေးက တိရစ္ဆာန်ကျန်းမာရေးဥပဒေ ပုဒ်မ ၂၃ ဖြင့် တရားလိုလုပ်တိုင်တန်းပြီး တရားရုံးကို ဦးတိုက်လျှောက်ထားပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

မွန်ပြည်နယ်တွင် ၂၀၁၈ နှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံမှ တရားမဝင် တင်ဆောင်လာသော ဝက်များကို ဆက်တိုက် ၁၆ ကြိမ်ခန့်ဖမ်းဆီးမှုများရှိခဲ့ပြီး ယခုအကြိမ်တွင် အသားစားကြက်များ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...