စစ်တွေတွင် ဒေသန္တရ လက်လုပ်မိုင်း ၃ လုံးပေါက်ကွဲမှု ဆက်စပ် သံသယဖြင့် ဒေသခံအရပ်သား ၄ ဦးကို ဖမ်းဆီး စွဲချက်တင် ချုပ်ရက်ရမန်ယူခဲ့့ပြီးနောက် ရဲက နောက်ထပ်စစ်တွေ ဒေသခံ ၂ ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု သတင်းရရှိသည်။
၎င်းတို့မှာ တင်မြင့်ရွှေနှင့် မောင်မြင့်ရွှေတို့ ဖြစ်ကြောင်း သိရသည်။
“လုံးဝ အတည်ပြောလို့ရတာကတော့ တင်မြင့်ရွှေနှင့် မောင်မြင့်ရွှေတို့ နှစ်ယောက်ပါ။ ကျန်တာ ကတော့ ကြားပဲ ကြားရတယ်။ အတည်ပြုလို့ မရသေးဘူး။ အထဲမှာတော့ တစ်ခြား အဖမ်းခံရ သူတွေလည်း ရှိမယ် ထင်ပါတယ်။ ၂၄ နာရီ တစ်ရက်မပြည့်သေးလို့ ချုပ်ရမန်ယူဖို့ ရုံးထုတ်တဲ့ အချိန်မှာ မပါလာတာ ဖြစ်နိုင်ပါတယ်” ဟု စစ်ဆေးခံနေရသူများ၏ မိသားစုဝင် တစ်ဦးက နိရဥ္စရာသို့ ပြောသည်။
စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်တွင် ဒေသန္တရ လက်လုပ်မိုင်း ၃ လုံး ချိန်ကိုက်ဖေါက်ခွဲခံရပြီးနောက် လူအများအပြားကို သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပေါ်ပေါက်နေကြောင်း သိရှိရသည်။
“ခေါ်ယူစစ်ဆေးနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်နှယောက်ရှိတယ်ဆိုတာ အတည်ပြု လို့တော့ မရသေးဘူး။ နောက်ထပ်လည်း ရဲစခန်းကိုမသွားရဲတော့ဘူး။ အခု နောက်ထပ် နှစ်ယောက်ကိုလည်း ခေါ်ထားလိုက်ပြီ။ ကြားတာကတော့ ၈ ယောက်လည်းကြားတယ်။ ၉ ယောက်လည်းကြားတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု စစ်တွေ အမှတ်ရဲစခန်းသို့ သွားရောက်ပြီး စုံစမ်းခဲ့သူ ဖမ်းဆီးခံထားရသူ မိသားစုဝင်တစ်ဦးက ထပ်မံ ပြောဆိုသည်။
အဆိုပါ ဖမ်းဆီးထားမှုများနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူရန် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှူး ဒုရဲမှူး မိုးဇော်သို့ ဆက်သွယ်ရာ “ဒီမှာ အလုပ်လေးနည်းနည်းရှုပ်နေလို့ပါ” ဟု ပြောဆိုကာ ဖုန်းချသွားသည်။
သို့အတွက် နိရဥ္စရာ သတင်းဌာန အနေဖြင့် ဖမ်းဆီးထားသူများနှင့် ပတ်သက်၍ အာဏာပိုင်များ၏ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိပါ။
ပထမဆုံး ဖမ်းဆီးခံရသူများ ဖြစ်ကြသည့် ကိုနိုင်စိုး၊ ဦးသန်းရွှေ၊ ဦးရွှေထွန်းအောင်နှင့် ဦးမောင်ဦးမြင့်တို့ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(က)(စျ)တို့ဖြင့် တရားစွဲတင်ကာ မတ်လ ၁၂ ရက်နေ့အထိ ချုပ်ရက်ရမန်ယူထားကြောင်း သိရှိရသည်။







