ကယားပြည်နယ်၌ မြေသြဇာသုံးစွဲမှု များပြားလာသော်လည်း အခြားဒေသထက်နှိုင်းစာလျှင် လျော့နည်းနေသေး

ကယားပြည်နယ်၌ မြေသြဇာသုံးစွဲမှု များပြားလာသော်လည်း အခြားဒေသထက်နှိုင်းစာလျှင် လျော့နည်းနေသေး
by -
မူအက်စတာ

ကယားပြည်နယ်၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်မြေသြဇာများ အသုံးပြုနေသည့် ပမာဏသည် အခြားတိုင်းနှင့်ပြည်နယ်နှင့်စာလျှင် သုံးစွဲမှု လျော့နည်းနေသေးကြောင်း ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ညွန်ကြားရေးမှူး ဦးညိုခန့်က ပြောသည်။

“ကယားပြည်နယ် သိပ်အပိုကြီးသုံးတာ မရှိသေးဘူး တစ်ခြားသော တိုင်းနှင့်ပြည်နယ်နဲ့ နှိုင်းမယ်ဆိုရင်တော့ ပိုးမွှားရောဂါကျတာလည်း နည်းတယ် ဓာတ်မြေသြဇာ သုံးတာလည်း နည်းတယ်ပေါ့”ဟု ဦးညှိခန့်က ပြောသည်။

သို့သော် လက်ရှိမှာမူ ဓါတ်မြေသြဇာများကို တောင်သူများက ယခင်ကထက် သိသိသာသာ ပိုမိုသုံးစွဲလာနေကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြနေကြသည်။

တောင်သူလယ်သမားများသမဂ္ဂမှ ဓာတ်မြေသြဇာအစား သဘာဝမြေသြဇာများကို ပြောင်းလဲအသုံးပြုနိုင်ရန် လူထုသို့ အသိပညာပေးခြင်း အစီအစဉ်များ တိုးချဲ့ပြုလုပ်လာနေလျှက်ရှိကိုလည်း တွေ့နေရသည်။

မီးဖိုချောင်မှ ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များကို သဘာဝမြေသြဇာအဖြစ် ပြန်လည်ဖော်စပ်ပြီး အသုံးပြုနိုင်ကြရန် သင်တန်များ ပေးလျှက်ရှိနေသည်။

ထို့အပြင် ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားသမဂ္ဂမှ သဘာဝမြေသြဇာများကို ကိုယ်တိုင်ပြုလုပ်ပြီး ရောင်းချဖြန့်ဝေပေးနေပြီဖြစ်သည်။

သို့သော် ယခင်က ဓာတ်မြေသြဇာအသုံးပြုရာက ပျက်စီးခဲ့သောမြေနေရာတွင် သဘာဝမြေသြဇာများ ထည့်သွင်းအသုံပြုရာတွင် ယခင်အထွက်နှုန်းကဲ့သို့ ကောင်းမွန်ခြင်းမရှိခြင်းကြောင့် ဓာတ်မြေသြဇာကိုသာ တဖန်ပြန်လည် သုံးစွဲကာ ယင်းသံသရာစက်ကွင်းထဲမှ ရုန်းမထွက်နိုင်ကြသေးကြောင်း ကယားပြည်နယ် တောင်သူလယ်သမားများသမဂ္ဂအဖွဲ့ဝင် ကိုဒီးဒီက ပြောသည်။

“သုံးတဲ့သူတွေ ရှိကြပါတယ်။ အထူးသဖြင့် မြို့နဲ့နီးတဲ့ စိုက်ခင်းတွေမှာ၊ ပြီးရင် စီးပွားဖြစ်စိုက်ပျိုးကြတဲ့ တောင်သူတွေဆိုရင် အဓိက ဓာတ်မြေသြဇာတို့ ဆေးတို့သုံးနေကြတယ်လေး တောမှာတော့ အဲ့လောက်မသုံးဘူးပေါ့”ဟု ကိုဒီးဒီက ပြောသည်။

ကယားပြည်နယ်အတွင်းရှိ တောင်သူများမှာ မြေသြဇာအား သုံးစွဲသင့်သည့် အချိုးထိပင် မသုံးနိုင်ကြသေးကြောင်း ဦးညိုခန့်ကပြောသည်။

“အခုက များသောအားဖြင့် မြေကြီးတိုင်းတော်တော်များများ ပေါ့နော စပါးတစ်ဧကလောက်ထွက်ချင်ရင် ကွန်ပေါင်းဓာတ်မြေသြဇာ တစ်အိတ်လောက်လိုတယ် ယူးရီးယားက တစ်အိတ်ပေါ့ ပိုတက်က အိတ်ဝက်လောက်လိုတယ် ဒါက ဧကတိုင်းနီးနီးပဲ လက်ရှိအခြေအနေထိ ပြည်သူတွေ မသုံးစွဲ နိုင်ကြသေးဘူး ဧကတိုင်းသုံးမှသာလျှင် စပါးပေါ့ တင်းတစ်ရာ ထွက်လာမယ်”ဟု ၎င်းက ပြောပါသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြိ်ု့ ကော်နေးယူနီဗာစီတီ၏ ပါမောက္ခ ဒေါက်တာခင်မာချိုက “အများစုကတော့ ဆရာမတို့ တိုင်းပြည်က တောင်သူတွေက ဆင်းရဲတော့ ဓာတ်မြေဩဇာ ထည့်တာ လုံလောက်အောင်တော့ မထည့်နိုင်ကြဘူး”ဟု ဓါတ်မြေသြဇာအသုံးပြုမှုနှင့် ပတ်သက်၍ ပြောကြားသည်။

ကယားပြည်နယ်တွင် အများဆုံးစိုက်ပျိုးသည့် သီးနှံမှာ စပါးဖြစ်ပြီး ဒုတိယမှာ ပြောင်း၊ ပဲ၊ နှမ်း စသည်တို့ဖြစ်သည်။ စပါးစိုက်ပျိုးရာတွင် တောင်ယာစပါး၊ လယ်ယာစပါးရှိပြီး စိုက်ပျိုးဧက ၅ သောင်းကျော် ရှိသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...