မွန်တွင် ၂၀၁၇ ဒီဇင်ဘာလအထိ အစိုးရပြန်လည်စွန့်လွှတ်မြေဧက ၁၆,၀၀၀ ကျော်ရှိ

မွန်တွင် ၂၀၁၇ ဒီဇင်ဘာလအထိ အစိုးရပြန်လည်စွန့်လွှတ်မြေဧက ၁၆,၀၀၀ ကျော်ရှိ
တပ်သိမ်းမြေမှတ်တိုင်(photo: Internet)
တပ်သိမ်းမြေမှတ်တိုင်(photo: Internet)

မွန်ပြည်နယ်တွင် ၂၀၁၆ ဖေဖော်ဝါရီမှ ၂၀၁၇ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ဝန်ကြီးဋ္ဌာန/အဖွဲ့အစည်းများမှ ပြန်လည်စွန့်လွှတ်မြေဧက ၁၆၈၃၄ ကျော်ရှိကြောင်း ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဋ္ဌာန၏ စာရင်းအရ သိရသည်။

ယင်းစွန့်လွှတ်မြေတွင် သက်ဆိုင်ရာသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပြီးသည့်မြေသည်  ၁၆၆၉၀ ဧက ခန့်ရှိပြီး လွှဲပြောင်းရန် စိစစ်ဆဲမြေသည် ၁၄၄ ဧကကျော်ရှိကြောင်း သိရသည်။

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဋ္ဌာန၏ ပြည်နယ်ဦးစီးမှူး ဦးတင်ထူးက “ဒီပြန်လည်စွန့်လွှတ်မြေမှာက မြေယာကိစ္စအရှုပ်အရှင်းကင်းတဲ့မြေကိုပဲ ပြန်လည်စွန့်ပေးတယ်၊ အမွေကိစ္စတို့ ပုဂ္ဂိုလ်ရေးရာကိစ္စတို့ရှိနေရင် ၂၀၁၂ လယ်ယာမြေဥပဒေအတိုင်း မြို့နယ်လယ်စီတွေကနေအဆင့်ဆင့် စီစစ်ပြီးမှ ပြန်ချပေးနိုင်မယ်” ဟု ပြောသည်။

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဋ္ဌာန၏ စာရင်းအရ ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ သီးခြားစွန့်လွှတ်မြေ ၃၉၁၄ ဧက၊ အခြားဝန်ကြီးဋ္ဌာနမှ သီးခြားစွန့်လွှတ်မြေ ၁၂၉၀၂ ဧက၊ အခြားကျေးရွာတိုးချဲ့ရန် သိမ်းဆည်းမြေမှ ပြန်လည်စွန့်လွှတ်မြေ ၂၀ ဧကနီးပါးခန့်ရှိကြောင်း သိရသည်။

အဆိုပါ စွန့်လွှတ်မည့်မြေ ဧက ၁၆၀၀၀ ကျော်အနက် ကျိုက်ထို ၁၁၂၉၀ ဧက၊ ဘီးလင်း ၅၁၄ ဧက၊ သထုံ ၁၄၁၂ ဧက၊ ပေါင် ၂၂၄ ၊ မော်လမြိုင် ၆၆၅ ဧက၊ ချောင်းဆုံ ၄၇ ဧက၊ ကျိုက်မရော ၁၃၇၀ ဧက၊ မုဒုံ ၂၅၁ ဧက၊ သံဖြူဇရပ် ၆၆ ဧက နှင့် ရေးတွင် ၉၉၁ ဧကခန့်ရှိကြောင်း သိရသည်။

မြေယာအသုံးချသူများကွန်ရက် ရေးမြို့နယ်တာဝန်ခံ ဦးစိုးသိန်းက “အရင်အစိုးရလက်ထက်က သူတို့ပြန်လည်စွန့်လွှတ်ပေးပေမယ့် ဒီမြေပိုင်ရှင်တွေက သူတို့ရရှိရမှန်း မသိကြရဘူး၊ သက်ဆိုင်ရာတွေကလည်း ကြေငြာပေးတာလည်း မရှိဘူး၊ ပေးအပ်လိုက်တဲ့အထဲမှာလည်း တကယ့်ပိုင်ရှင်အမှန်က မရရှိသွားဘူး ဒီလိုပြဿနာတွေရှိနေတယ်” ဟု ပြောသည်။

ယခုအစိုးရအသစ်လက်ထက်မှာ ပြန်လည်စွန့်လွှတ်လျှင် ကြေငြာပေးသော်လည်း လယ်ယာမြေပိုင်ရှင်များက မိမိမြေပါဝင်နေမှုရှိမရှိ၊ ပါဝင်ခဲ့လျှင် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို မသိရှိနေကြောင်း ၄င်းက ဆက်လက်ပြောသည်။

အလားတူ ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ ပြန်လည်စွန့်လွှတ်မြေများ နိုင်ငံတော်သို့ အပ်နှံပြီးစီးမှုသတင်းထုတ်ပြန်ချက်အရ ၂၀၁၇ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး တပ်မှ ပြန်လည်စွန့်လွှတ်မြေသည် ၂၀၉၀၆၂.၇၃ ဧက ရှိကြောင်း သိရသည်။

June 3, 2026
မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်းမြင့်တက်မှု မဖြေရှင်းနိုင်သေးသဖြင့် ဆီဈေးနှုန်းများ...
June 2, 2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျုံဟော်ကျေးရွာအနီးရှိ ရင်းငြိမ်ရေထိန်းတံခါးမှ နှစ်စဉ်ကြုံနေရသည့်...
June 1, 2026
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီ-မဲဆောက်ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားကို...
May 30, 2026
ပေါင်မြို့နယ်၊ သဗြုချောင်းကျေးရွာ၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ...