SSPP/SSA အခြေချရာသို့ PSLF/TNLA ၀င်ရောက်မှုကြောင့် နမ္မတူမြို့နယ်အတွင်း ၂ ဘက်တိုက်ပွဲဖြစ်

SSPP/SSA အခြေချရာသို့ PSLF/TNLA ၀င်ရောက်မှုကြောင့် နမ္မတူမြို့နယ်အတွင်း ၂ ဘက်တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း နမ်တူမြို့နယ် မိုင်းရင်အုပ်စုအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တို့တို်က်ပွဲဖြစ်ပွါးခဲ့သည်။

ဒီဇင်ဘာလ ၅ ရက် ည ၉ နာရီမှ မနက် ၁ နာရီအထိ TNLA နှင့် SSPP တို့အကြားတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွါးခဲ့သည်။

“တအာင်းတပ်တွေ မိုင်းရင်ထဲအထိ၀င်လာတယ်။ စျေးတွေထဲဝင်လာတယ်။ ဒေသခံလူထုကိုဆင့်ခေါ်တယ်။ သန်းခေါင်စာရင်းတွေကောက်တယ်။ သန်းခေါင်စာရင်းမပေးမနေရ။ စာရင်းအမှန်ကိုပေးရမယ်လို့ ပြောတယ်။ သန်းခေါင်စာရင်းမှာနာမည်မပါတဲ့သူကို တောတောင်တွေထဲမှာသွားစစ်ဆေးတွေ့မိရင် RCSS/SSA ရဲ့လူဆိုပြီး သတ်မှတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုလာတယ်။ နောက်ဆုံး ကျနော်တို့ကို ဟိုမသွားရ ဒီမသွားရ တားဆီးတာတွေရှိလာတယ်။ ကျနော်တို့ ၀မ်းရေးအခက်အခဲဖြစ်လာတယ်။ အခုလိုတိုက်ပွဲထပ်ဖြစ်တော့ ပိုဆိုးတော့တာပေါ့။ အခြေအနေတင်းမာနေရင် လယ်ယာခြံတွေပစ်ပြီး ထွက်ပြေးရဦးမယ်ကျနော်တို့ ” ဟု ဒေသခံ စိုင်းဟန်ကပြောသည်။

TNLA နှင့် SSPP တို့ဟာ ပြီးခဲ့သည့် လကတည်းက ၂ ဘက်တပ်တွေ စစ်ရေးတင်းမာနေခဲ့သည့်ဟု SSPP/SSA စစ်မြေပြင်တာဝန်ကျ အရာရှိကပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက SSPP လှုပ်ရှားနယ်မြေထဲကို TNLA က တအာင်းပြည်နယ်အတွင်းဆိုတဲ့ စာသားပါရှိတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပိုစတာကြီးတွေစိုက်ထူပြီး ၀င်ရောက်လှုပ်ရှားတယ်။ ကျနော်တို့ဘက်ကတော့ တမြေတည်းနေတဲ့ တိုင်းရင်းသားညီအကိုအချင်းချင်းမို့ တိုက်ပွဲမဖြစ်ချင်ဘူး။ တတ်နိုင်သလောက်ရှောင်တယ်။ နမ့်ဆွန်ချောင်းမြောက်ပိုင်းသူတို့နေမယ်။ ချောင်းတောင်ဘက်ပိုင်းကျနော်တို့နေမယ် ဆိုပြီးသူတို့က စပြီးသတ်မှတ်တယ်။ နောက်ဆုံးသူတို့ရဲ့ သတ်မှတ်ချက်ကို သူတို့ချိုးဖောက်ပြီး ကျနော်တို့ဘက်ကိုကျူးကျော်လာတယ်။ ကျနော်တို့ဆီဦးတည်လာလို့ တိုက်ပွဲဖြစ်ရတာဖြစ်တယ်” – ဟု SSPP/SSA စစ်မြေပြင်တာဝန်ကျ အရာရှိတဦးကသျှမ်း သံတော်ဆင့်ကိုပြောကြားခဲ့သည်။

တိုက်ပွဲမှာ ၂ ဘက်ထိခိုက်ဒဏ်ရာရမှုအနည်းငယ်ရှိခဲ့ပြီး TNLA ဘက်က ၂ ဦးကျဆုံးခဲ့သည်ဟု SSPP/SSA ပြန်ကြားရေးအရာရှိက ဆက်ပြောသည်။

TNLA/PSLF ဒုတိယဥက္ကဌ တာ့ဂျုတ်ဂျားကတော့ SSPP/SSA ခွင့်ပြုချက်နှင့်  ဒေသထဲတွင်း ဝင်ရောက်ဆိုင်းဘုတ်ထောင်ခဲ့ကြောင်း  မဇ္ဈိမသတင်းဌာနက ဖော်ပြထားသည်။

TNLA နှင့် SSPP/SSA တို့သည် ၀ တပ်ဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ FPNCC တွင် ပါ၀င်ပြီး  NCA စာချုပ်လက်မှတ်ရေးထိုးရန် လက်မခံဘဲ နိုင်ငံရေးတိုက်ရိုက် ဆွေးနွေးရေးဖို့ နည်းလမ်း အသစ်ရှာနေသည့် အဖွဲ့ဖြစ်သည်။

Most read this week

May 18, 2024
သျှမ်းတောင်၊ ရွာငံမြို့နယ်တွင်ကျေးရွာ ဥက္ကဌ အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို...
May 17, 2024
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်တွေကြောင့်...
May 17, 2024
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မပေါက်ကွဲသည့် ဗုံးကို သွားရောက်ထိမိရာမှ...
May 16, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ကရင်နီဘက်မှရောက်ရှိလာသည့် စစ်ရှောင်များ...