ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ပြန်လှည့်သွားမည်ကို စိုးရိမ်ကြောင်း KPP ပြောဆို

ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ပြန်လှည့်သွားမည်ကို စိုးရိမ်ကြောင်း KPP ပြောဆို
by -
စောထွန်းလင်း

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် နောက်ပြန်လှည့်သွားမည်ကို စိုးရိမ်ကြောင်း ရန်ကုန်မြို့အခြေစိုက် ကရင်ပြည်သူ့ ပါတီ (KPP) ဥက္ကဌ စောထွန်းအောင်မြင့်က နိုဝင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကွယ်ကဘောဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲတွင် ပြောဆိုလိုက်သည်။ 

“NCA အရ စားပွဲဝိုင်းမှာပဲ ဆွေးနွေးရမယ်ဆိုတဲ့အတိုင်း ဆက်သွားသင့်တယ်။ နောက်မဆုတ်အောင်ပေါ့နော်။ အခုရည်ရွယ်ချက်က ဒါဘဲ။ ကျနော်တို့ စိုးရိမ်တာက ဟိုလူပြောဒီလူပြောနဲ့ ငြိမ်းချမ်းရေးနောက်ပြန်လှန်သွားမှာ  ငြိမ်းချမ်းရေးဖြစ်စဉ်ပျက်သွားမှာ စိုးရိမ်တယ်” ဟု ပါတီ ဥက္ကဌ စောထွန်းအောင်မြင့်က ပြောသည်။ 

ယခုနှစ် မေလအတွင်းက ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့များအကြား နိုင်ငံရေးဆိုင်ရာ သဘောတူညီမှု မရရှိခဲ့မှု အပေါ် ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ပြန်မလှည့်သွားအောင်ဝိုင်းဝန်းထိန်းသိမ်းရမည်ဟု စောထွန်းအောင်မြင့်က ပြောသည်။ 

ပြီးခဲ့သည့် ဒုတိယအကြိမ်၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံရေးကဏ္ဍဆွေးနွေးရာတွင် အချက်လေးချက်ရှိသည့် အနက်အချက် ၃ တွင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးကိစ္စ ပါရှိသလို အချက် ၄တွင် ပြည်ထောင်စုမှ ခွဲမထွက်ရဟူသည့် အချက်ပါရှိပြီး အစိုးရအနေဖြင့် ယင်းအချက်ကို သဘောတူမှသာ အချက် ၃ ကို ပြန်ဆွေးနွေးမည့် သဘောရှိကာ ခွဲမထွက်ရေးကိစ္စဆွေးနွေးမှု မပြေလည်သည့်အတွက် ကျန်အ ချက်များမဆွေးနွေးနိုင်ဖြစ်ခဲ့ရသည်ဟု KPP က ဆွေးနွေးပွဲတွင် ရှင်းလင်း ပြောဆိုသည်။ 

ယခု တတိယအကြိမ် ၁၂ ရာစု ပင်လုံ အစည်းအဝေးကို ကျင်းပသွားမည်ဆိုပါက ထိုသို့ မပြေလည်နိုင်သေးသည့် အချက်များကို မဆွေးနွေး၊ အခြားသဘောတူထားသည့် အချက်များကို ဆွေးနွေးရမည့် သဘောရှိကာ ငြိမ်းချမ်းရေး ဖြစ်စဉ် မပျက်သွားအောင် ဝိုင်းဝန်းထိန်းသိမ်းရမည်ဟု ပါတီ အထွေထွေအတွင်းရေးမှူး စောစေးဝါး က ပြောသည်။ 

၎င်းက “ အချက်သုံးလေး တစ်ဆို့နေတာ စိတ်မကောင်းဖြစ်တယ်။ အားလုံး အပြန်အလှန် သည်းခံစိတ်နဲ့ နားလည်မှုရှိရှိ ပြေလည်တဲ့လမ်းကြောင်းတခု ပေါ်ပေါက်စေဖို့ ဆန္ဒရှိတယ်။ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ လမ်းကြောင်းပေါ်ထွက်ဖို့ အတွက် ရှာကြဖို့ဆန္ဒ ပြုတယ်။ ငြိမ်းချမ်းရေး နောက်ပြန်မလှန်ဖို့ ဘယ်လို အခက်အခဲဘဲတွေ့စေ၊ ကျော်လွှားဖို့ အရေးကြီးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

 

ကရင်ပြည်သူ့ပါတီက ဦးဆောင်ကာ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးအခြေအနေများကို ကရင်လူကြီး မိဘများအား တိုင်ပင်ချပြလိုသော ရည်ရွယ်ပြုလုပ်သည့်် ၎င်းငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲကို နေ့လည် ၁၂ နာရီမှ ညနေ ၃ နာ ရီအထိ ပြုလုပ်ပြီး အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်မြို့ပေါ်ရှိ ကရင်ဘုန်းတော်ကြီးများ၊ ကရင်စာပေနှင့်ယဉ် ကျေးမှုကော်မတီ ဝင်အချို့နှင့် ကရင်ပြည့်သူ့ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့သည်။

ရန်ကုန်မြို့ အခြေစိုက် ကရင်ပြည်သူ့ ပါတီကို ၂၀၁၀ ပြည့်နှစ်မေလတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော် အမတ် ၆ နေရာနှင့် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော် အမတ် ၁ နေရာ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့ အနိုင်ရပါတီအနေဖြင့် တက်ရောက်ဆွေးနွေးခွင့် ရရှိထားသည်။ 

Most read this week

May 3, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ဝင်းရေးမြို့နယ်...
May 3, 2024
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်ကျော် ကာလအတွင်း ကရင်နီ(ကယား)ပြည်တွင် စစ်...
May 2, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် (၁၃)မိုင်တွင် မေလ(၁)ရက်နေ့က စစ်ကောင်စီနှင့်...
May 2, 2024
စစ်အာဏာရှင် စနစ်ဆိုးကြောင့် အလုပ်သမားများအနေဖြင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့် အရေးချိုး...