တစ်နိုင်ငံလုံးအတိုင်းအတာ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း အစီအစဉ် အဖြစ် မြစ်ကြီးနားမြို့ စာသင်ကျောင်းများတွင် နိုဝင်ဘာ ၁၅ ရက်နေ့တွင် စတင်ထိုးပေးနေပြီ ဖြစ်သည်။
မြန်မာတနိုင်ငံလုံး စုစုပေါင်းရည်မှန်းကလေး ဦးရေ ၁၄ သန်း အနက် ကချင်ပြည်နယ်ရှိ ရည်မှန်း ကလေးဦးရေ ၅ သိန်း ခန့်ကို နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ သတ်မှတ်ရက်များ အတွင်း အပြီး ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း ယမန်နေ့မနက် မြစ်ကြီးနား မြို့တော်ခန်းမတွင် ကျင်းပသည့် ကာကွယ်ဆေး ထိုးခြင်း အဖွင့်ပွဲတွင် ပြည်နယ် ဒု-ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်ဝမ်း က တင်ပြသွားသည်။
ကချင်ပြည်နယ်ရှိ အသက် ၅ နှစ်မှ ၁၅ နှစ်ကြား ကလေးများကို နိုဝင်ဘာလ ၁၅ မှ ၂၃ ရက်နေ့ အထိ ဆေးထိုးရန် သတ်မှတ်ထားပြီး၊ အသက် ၉ လ အရွယ်မှ ၅ ကြား ကလေးများကိုတော့ ဒီဇင်ဘာ ၁၁ မှ ၂၀ ရက်များ အတွင်း အပြီး ထိုးနှံ သွားမှာ ဖြစ်ကြောင်း သိရပါသည်။
ထို့အပြင် ကာကွယ်ဆေး ထိုးနှံခြင်း အစီစဉ်ကို စာသင်ကျောင်းများ အပြင်၊ အစိုးရနှင့် ရပ်ရွာ အခြေပြု လူမှုအဖွဲ့ အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများ ပူပေါင်းပြီး ပြည်နယ်အနှ့ံ ဆောင်ရွက်ပေးနေကြောင်း ပြောဆိုခဲ့ပါသည်။
ဂျပန် ဦးနှောက်ရောင် ရောဂါ (Japanese Encephalitis virus) သည် အသက်အရွယ် မရွေးဖြစ်ပွားနိုင်သော်လည်း အသက် ၁၅ နှစ်အောက် ကလေးများမှာ ပိုမို ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ရောဂါပိုးသည် ဝက်နှင့် အိမ်မွေးတိရစ္ဆာန်များမှာ ဝင်ရောက်နေနိုင်ပြီး ၎င်း တိရစ္ဆာန်များကို ကိုက်ထားသော ခြင်သည် လူတစ်ယောက်ကို ကိုက်လျှင် ရောဂါကူးစက်နိုင်ကြောင်း သိရသည်။ သို့သော်လည်း လူတစ်ဦးမှ တစ်ဦးမကူးစက်နိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ရောဂါပိုးကြောင့် သေဆုံးမှုများ ရှိနေသလို၊ အသက်ရှင် ကျန်ရစ်နေသူများမှာလည်း ဦးနှောက်နှင့် အာရုံကြောများ ထိခိုက်သည့် ဒဏ်များ ခံစားနိုင်ကြောင်း သိရသည်။







