မဲပေးခဲ့ကြပြီးသူတွေအချို့နဲ့ မဲမပေးရသေးသူအချို့ရဲ့ အသံတွေကို BNI ရွေးကောက်ပွဲသတင်းခန်းကနေ ဖော်ပြလိုက်ရပါတယ်။
ဒေါ်လုလု - အသက် (၄၀) ၊ အလုပ်အကိုင် - စျေးရောင်း
မနက် ၅ နာရီခွဲကတည်းက ထလာတာပါ။ ခုတော့ မဲပေးပြီးပါပြီ အကုန်လုံးကောင်းသွားဖို့ မျှော်လင့်ပါတယ်။
ဒေါ်ထုနူး - အသက် (၅၃) ၊ အလုပ်အကိုင် - လက်လုပ်လက်စား
မနက် ၆ နာရီကတည်းက လာတန်းစီတာပါ။ မဲလာပေးဖြစ်တာကတော့ ခုလက်ရှိက ဒုက္ခဆင်းရဲတွေနဲ့ကြံုတွေ့နေရတော့ အဆင်ပြေလာဖို့ကိုု မျှော်လင့်လို့ လာပေးဖြစ်တာပါ။ မဲပေးပြီးတဲ့နောက် ဘာတွေပြောင်းလဲလာမလဲတော့ မသိသေးဘူး။။ နိုင်ငံရေး ပိုရှုပ်လာမလား။ ကောင်းလာမလား ဆိုတာကတော့ ဇဝေဇဝါ ဖြစ်နေပါတယ်။ အရင်အစိုးရအုပ်ချုပ်တာကက မတရားဘူးလို့ ထင်တယ်လေ။ ခုတော့ မဲပေးပြီးသွားပြီဆိုတော့ အလုပ်တစ်ခု ပြီးမြောက်သွားပြီပေါ့။
ကိုအာကာထက်ကျော်ဦး - အသက် (၂၆) ၊ အလုပ်အကိုင် - ကျောက်သွေး
ကျွန်တော်ကြည့်ရသလောက်တော့ မဲပေးမယ့်လူကများတယ်။ ကျွန်တော်မနက် ၅ နာရီခွဲကတည်းက လာတန်းစီတာ။ ဒီလိုလူဦးရေများပုံနဲ့ဆိုရင် အချိန်မလောက်လောက်ဘူးလို့ ထင်တယ်။ မဲရုံတံခါးဖွင့်တာလည်း အချိန် ၅ မိနစ်လောက်နောက်ကျတယ်။ မဲပေးနေရတာလည်း တစ်ခုပြီးတစ်ခု လက်မှတ်ထိုး ထုတ်နဲ့ဆိုတော့ အထဲမှာလည်း နည်းနည်းကြာတော့ ကျွန်တော်ကတော့ အချိန်မလောက်မှာပဲ စိုးရိမ်တယ်။ ပြောင်းလဲသွားရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့တွေက တစ်နေ့ပြီး တစ်နေ့ စီးပွားရေး အဆင်မပြေတာတွေပဲ ကြံုတွေ့နေကရတာလေ။ ကျွန်တော်ဆို ပြင်ဦးလွင်ကနေ မြစ်ကြီးနားမှာ အခြေလာချတာ ခုဆို တစ်နှစ်ကျော်သွားပြီ။ ကိုယ်တိုင် စီးပွားရေး အဆင်မပြေဘူး။ မဲရုံတွေမှာ အဆင်မပြေဖြစ်မှာတွေ၊ မဲတွေ ပြဿနာ ရှိမှာတွေကို ကြားနေရတော့ အဲ့ဒီအပေါ်မှာတော့ စိုးရိမ်မိတယ်။
ဒေါ်ခက်ပါနူး - အသက် (၅၄)နှစ် ၊ စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)ဥက္ကဌ ဦးခက်ထိန်နန်း၏ ညီမ
တစ်ခုခုပြောင်းလဲမယ်လို့တော့ ယုံကြည်ထားတာပေါ့။ ခု အန်တီတို့ရောက်လာတဲ့အချိန်မှာ မဲပေးဖို့ တန်းစီနေတဲ့ လူတွေကို တွေ့လိုက်တော့ စိတ်လှုပ်ရှားမိတယ်။ လူတန်းအရှည်ကြီးလေ။ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းပြည်အတွက် ပိုပြီးသင့်တော်မဲ့သူတွေကိုပဲ အန်တီတို့ကတော့ ပိုမျှော်လင့်တာပေါ့နော်။ ကိုယ့်ဒေသအတွက်ဆိုတော့လေ။






