ထို့အပြင် အဆိိုပါ ဆိုင် အနီးနားနေအိမ်များရှိဒေသခံများသည် ပန်းနာရင်ကျပ်၊နှလုံးရောဂါနှင့် မျက်စိတိမ်စွဲသည့်ရောဂါ များခံစားနေရကြောင်း ပန်းဘဲတန်းရပ်ကွက်နေဦးဘညိုက ဟင်္သာမီဒီယာသို့ပြောသည်။
CP ကြက်ကြော်ဆိုင်မှ ထွက်သည့်ညှော်နံ့များကို လမ်းဘေးတူးမြောင်းများသို့ ထုတ်လွှင့်စေခြင်းဖြစ်ပြီး ညှော်နံ့များကို အဆိုပါတူးမြောင်းတစ်လျှောက်ရှိနေအိမ်များမှ နေ့စဉ်ခံစားနေရသဖြင့် ကျန်းမာရေးများထိခိုက်ကာ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဦးဘညိုကပြောသည်။
“ ဒီအကြော်အလှော်ကထွက်တဲ့ ညှော်နံ့တွေကိုပတ်ဝန်းကျင်ကလုံးဝမခံစားနိုင်တော့ပါဘူး၊ အရမ်းဆိုးဝါးတဲ့အနံ့ တွေကိုနေ့စဉ်ရက်ဆက်ခံ စားနေရပါတယ်၊သူတို့ကိုလည်း မနာလိုစိတ်လည်းမရှိပါဘူး” ဟု ဦးဘညိုက ပြောသည်။
ထိုညှော်နံ့များကိုလမ်းဘေးတူးမြောင်းမှတစ်ဆင့် စွန့်ထုတ်စေခြင်းကိုရပ်တန့်၍ ခေါင်းတိုင်ဖြင့် အနံ့ထုတ်သည့်စနစ်ကိုပြောင်းလဲ တပ်ဆင်အသုံးပြုစေလိုကြောင်း ၎င်းက ဆိုသည်။
အဆိုပါလုပ်ငန်းများမှ ညှော်နံ့များကြောင့် ကျန်းမာရေးထိခိုက်မှုကိုဖြေရှင်းပေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ရပ်ကွက်နေပြည်သူများတွေ့ဆုံပွဲတွင် တင်ပြထားသော်လည်းအရေးယူဆောင်ရွက်မှုများမရှိခဲ့ကြောင်းဦးဘညိုကပြောသည်။
ကြက်ကြော်လုပ်ငန်းကိုလုပ်ကိုင်နေသည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ပြီးအသားကြော်ရာမှထွက်သည့် ညှော်နံ့များကိုလည်းဘေး ပတ်ဝန်းကျင်သို့ ပျံ့နှံ့ခြင်းမဖြစ်စေရန်အတွက် အညှော်စုပ်စက်နှင့် တစ်ကွ လမ်းဘေးမြောင်းအတွင်းသို့ ထုတ်လွှတ်သည့်စနစ် ကိုအသုံးပြုထားကြောင်း CPကြက်ကြော်ဆိုင်မှ ဒေါ်အိသူဇာမောင်ကပြောသည်။
“ ဒီညှော်နံ့ကိစ္စကိုဘယ်သူမှမတိုင်ဘူး၊ ဘေးအိမ်တစ်အိမ်ကပဲကဂျီဂဂျောင်ဖြစ်ပြီးလျှောက်တိုင်နေတာ၊တခြားလူတွေလည်း ဒီလိုညှော်နံ့အလုပ်နဲ့ လုပ်စားနေကြတာပဲ၊သူများကိုလည်းတိုင်ပေ့ါ” ဟုဒေါ်အိသူဇာမောင် ကပြောသည်။
၎င်းညှော်နံ့ပြဿနာနှင့်ပတ်သက်၍ CPကြက်ကြော်ဆိုင်ပိုင်ရှင်အားခေါင်းတိုင်စနစ်ဖြင့်အနံ့ထုတ်သည့်စနစ်ကို အသုံးပြုရန်မှာကြား ထားကြောင်းပန်းပဲတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးဝဏ္ဏကပြောသည်။



